မြိတ်၊ အောက်တိုဘာ ၁၁

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုအရှိန်မြှင့်လာတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ KNU မြိတ်- ထားဝယ်ခရိုင်က ကျေးရွာတွေကို အောက်တိုဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိထားပြီး ဒေသခံ ၃၅၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းကလည်း KNU သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ ပျဉ်းမပင်ဆိပ်ကျေးရွာ လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ကလေးငယ် ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီကတော့ စစ်ကော်မရှင်တပ်ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြာင်တင်းတင်း ချိုးဖောက်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးပမ်းလျက်ရှိနေသလို လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေအတွင်းရှိ ပြည်သူလူထုတွေ အကြောက်တရားဖြစ်ပေါ်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လျက်ရှိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ က ထုတ်ပြန်ပြောဆိုထားပါတယ်။

လက်ရှိ KNU အုပ်ချုပ်နယ်မြေထဲက ခရိုင် ၇ ခုမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၁ သန်းကျော်ရှိနေပြီး စစ်ရှောင်ပြည်သူတွေဟာ လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိတယ်လို့ KPSN က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.