တနင်္သာရီ၊ အောက်တိုဘာ ၁၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက် ၉ နာရီခွဲအချိန်လောက်မှာ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ တကူကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့တဲ့အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲမှုကြောင့် တကူကျေးရွာရှိ မီးသတ်ရုံးနဲ့ ဈေးအနီးဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တကူမီးသတ်ရုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်ကျောင်းသားတစ်ဦးနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ရဲမေတစ်ဦးပါဝင်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တဲ့ တကူကျေးရွာဟာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမျိုးလုံးဝမရှိဘဲ စစ်ကော်မရှင်တပ်က တမင်တကာ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်ဟာ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ထီးခီးကျေးရွာကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး စက်သေနတ်နဲ့ပါ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် ပြုလုပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.