မော်လမြိုင် ၊ အောက်တိုဘာ ၁၁

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွင်း ပြည်သူတွေ မဲပေးကြဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆော်သြစည်းရုံးမှု ပိုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့အတွက် မဲစာရင်းလာရောက်စစ်ဆေးခိုင်းတာ၊ ပိုစတာစိုက်ထူတာနဲ့ အသံချဲ့စက်နဲ့ စည်းရုံးဆော်သြမှုတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် နှိုးဆော်တဲ့ ပိုစတာ စိုက်ထူမှုကို စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ပြီး မော်လမြိုင်မြို့အပါအဝင် တခြား မြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။

မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင်က ရွေးကောက်ပွဲမှာ မဲပေးဖို့ နှိုးဆော်နေပေမယ့် ယုံကြည်မှု မရှိတာကြောင့် မဲစာရင်းကအစ သွားမကြည့်ကြသလို မဲစာရင်းအမှားတွေကိုလည်း မပြင်ကြဘူးလို့ ပြောပါတယ်။

“လူတွေက စိတ်ဝင်စားမှု အားနည်းလားမသိဘူး။ သွားကြည့်တာ သိပ်မတွေ့ဘူး။ ပြည်သူတွေက ယုံကြည်မှု ဘယ်လောက်ထိ ရှိလဲမရှိလဲဆိုတာ မဲစာရင်းလည်း သွားမကြည့်ဘူး။ ပြင်လည်း မပြင်ဘူး။ နောက်တစ်ခါ ပြည်သူက ပြောနေတဲ့စကားထဲမှာ ဒီနေ့ထိ မဲစာရင်းတွေလည်း ကပ်နေပြီ။ပြင်ဖို့ နေနေသာသာ သွားကို မကြည့်တာ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့အပြင် ရွေး ကောက်ပွဲ ပြီးပါကလည်း သူတို့တွေသာ ဆက်အုပ်ချုပ်မှာ ဖြစ်တာကြောင့် သူတို့ မဲထည့်ဖို့ ဘယ်လို နှိုးဆော် နှိုးဆော် ပြည်သူတွေ စိတ်မဝင်စားဘူးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မဲစာရင်းတွေကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့ထိ ကပ်ထားပေးမယ်လို့ ကြေညာထားရာကနေ ပြည်သူတွေ မဲစာရင်း လာမကြည့်လို့ နောက်တစ်ပတ် သက်တမ်းထပ်တိုးထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က ရွေးကောက်ပွဲမှာ မဲပေးဖို့ နည်းမျိုးစုံနဲ့ နှိုးဆော်နေပေမယ့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှု မရှိတာကြောင့် မဲစာရင်းကအစ မကြည့်ကြတဲ့အတွက် အသံချဲ့စက်တွေနဲ့ နှိုး‌ဆော်ရတာ၊ ဆယ်အိမ်မှူးရာအိမ်မှူးတွေက တစ်အိမ်တက်ဆင်း လိုက်လံပြောဆို ဖိအားပေးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.