ဘီးလင်း၊ အောက်တိုဘာ ၁၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ပျဉ်းမပင်ဆိပ်ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

အဲဒီဗုံးကြဲမှုကြောင့် အသက် ၇ နှစ်အရွယ်ကနေ ၁၂ နှစ်အရွယ်ရှိ ကလေးငယ်တွေဖြစ်တဲ့ စောလင်းထက်သန်း၊ နော်မယ်ကလာဖော၊ စောထွန်းမင်း၊ မပုလုံး၊ နော်မုဆီဆီတို့ ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို နေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့ကာ နွား ၃ ကောင်၊ ဝက် ၂ ကောင် ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က ဒီတိုက်ခိုက်မှုဟာ အရပ်သား ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မင်းစောရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်တွေအပါအဝင် ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်သူ ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

