မိုးကုတ်၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်း မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

မနေ့ အောက်တိုဘာ ၉ ရက် ည ၇ နာရီအချိန်လောက်က ဝဲဘောင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး သုံးလုံး လာရောက်ကြဲချခဲ့တာပါ။

ဗုံးကြဲမှုကြောင့် ဝဲဘောင်ကျေးရွာနေ ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး ထိမှန်သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တအာင်းပြည်နယ်အတွင်းရှိ မြို့ရွာတွေကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.