မွန်ပြည်နယ် စစ်ကော်မရှင်ရဲ့ မဲစာရင်းအမှားတွေကို လာပြင်သူ မရှိသလောက်နည်းပါး

မော်လမြိုင် ၊ အောက်တိုဘာ ၈

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာ ရင်းတွေ ကပ်ထားရာမှ မဲစာရင်းအမှားတွေကို လာရောက် ပြင်ဆင်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့ အထိကပ်ထားမယ်လို့ ကြေညာထားတာပါ။

ဒေသတွင်းမှာတော့ စစ်ကော်မရှင်ရဲ့ မဲစာရင်းတွေဟာ သေဆုံးသူတွေ ပါဝင်တာ၊ ရွှေ့ပြောင်းသွားသူတွေ ပါဝင်တာ၊ အချက်အလက် မမှန်ကန်တာတွေအပြင် တချို့တွေဆိုရင် နာမည်လုံးဝ မပါတာတွေကအစ ရှိနေတာပါ။

မော်လမြိုင် ဒေသခံတစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ မဲစာရင်းတွေမှာ သေဆုံးသူတွေ ထည့်ထားတာ၊ နာမည် မပါတာ၊ လူပိုထည့်ထားတာတွေ တွေ့ရပြီး မဲစာရင်းတွေ မှားနေပေမယ့် စိတ်ဝင်စားမှု မရှိတာကြောင့် မပြင်ကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အိမ်ထောင်စုစာရင်းထဲမှာ တချို့ လူနာမည်ပါတယ်။ တချို့ လူတွေ မပါဘူး။ အိမ်မှာ ရှိတဲ့လူနဲ့ သူတို့ ထည့်ထားတဲ့ လူနဲ့ ပိုနေတယ်။ အိမ်မှာ မိသားစု ရှိတာက ၄ ယောက် သူတို့ စာရင်းထဲမှာ ထည့်ထားတာက ၆ ယောက်၊ နောက်အိမ်တစ်အိမ်ဆိုရင် ရှိတဲ့လူက ၃ ယောက်ပဲ၊ သေသွားတဲ့ လူက ၂ ယောက် ၊ အဲဒီ ၂ယောက်ကိုလည်း ပြန်ထည့်ထားတယ်။ မဲစာရင်းမှားရင် မပြင်လည်း မပြင်ကြဘူး။ ဘယ်သူမှလည်း သွားမကြည့်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကော်မရှင်က မဲစာရင်းတွေကို သေချာပြုစုထားတယ်လို့ ပြောဆိုနေပေမယ့် မြေပြင်လက်တွေ့မှာ မဲစာရင်းအများစု မှန်ကန်မှု မရှိသလို အရင်ရွေးကောက်ပွဲတွေက မဲစာရင်းတွေထက် ဆိုးဆိုးရွားရွား မှားနေတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဘီးလင်း ဒေသခံတစ်ဦးကလည်း စစ်ကော်မရှင်ရဲ့ မဲစာရင်းဟာ အရင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲစာရင်းထက် မဲစာရင်းမှားယွင်းမှု ပိုဆိုးနေသလို အခုလို မဲစာရင်း မှားယွင်းမှုအပေါ် ဒေသခံတွေက အမှားပြင်ဖို့ထက် သွားတောင် မကြည့်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီဘက်ခြမ်းမှာလည်း ဒီလိုပဲ တော်တော်မှားတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အဲဒါထက်တောင် ပိုဆိုးနေသေးတယ်။ တစ်ခါတလေကျရင် လူတွေ ထပ်နေတယ်။ သေတဲ့လူတွေလည်း ပြန်ပါတယ်။ တစ်ခါတလေလည်း လူတစ်ယောက်ကို ၆ နေရာလောက် ပါတယ်။ သူတို့ကတော့ လာကြည့်ဖို့လို့ မပါရင် ပြင်ဖို့လို့ မှားရင်ပြင်ဖို့လို့ ဘာညာပေါ့။ သူတို့ အော်တယ်။ ဒါပေမယ့် ကျွန်တော် ကြည့်ရတာ ပြင်ဖို့ နေနေသာသာ သွားကြည့်တဲ့ လူကို မရှိတာ”လို့ ဆိုပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပထမအကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထားမယ့် မဲစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကြည့်ရမှာ ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကပ်ထားကြေညာနိုင်ချင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်း ကြည့်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မဲစာရင်းမှာ လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်း မပါဝင်ပါက ပုံစံ ၃နဲ့ အမည်စာရင်း ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်တာ၊ မပါဝင်သင့်သူ ပါဝင်ပါက ပုံစံ ၄နဲ့ ကန့်ကွက်နိုင်တာ အပြင် မဲစာရင်းမှာ ပါရှိတဲ့ အချက်အလက် မှားယွင်း နေပါက ပုံစံ ၄-ဂနဲ့ ပြင်ဆင်လွှာ တင်သွင်း နိုင်တယ်လို့ ဆိုပါတယ်။

အခုလို မဲစာရင်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်တာတွေ ဆောင်ရွက်ပြီးပါက နောက် ဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကို လာမယ့် နိုဝင်ဘာလအတွင်း ထပ်မံ ကပ်ထားပေးမှာ ဖြစ်သလို လိုအပ်တဲ့ တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက် တာတွေကိုလည်း ထပ်မံ ဆောင်ရွက် နိုင်တယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတာကြောင့် မဲစာရင်း ကြည့်ရှုသူ နည်းပါးတဲ့အတွက် မဲစာရင်းကြည့်ဖို့ ဒေသခံတွေကို အသံချဲ့စက်နဲ့ နှိုးဆော်တာ၊ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက တစ်အိမ်တက်ဆင်း လိုက်လံ ပြောကြားတာတွေအပြင် မဲစာရင်း ကြည့်ဖို့ ဖိအားပေး တိုက်တွန်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.