ကော့ကရိတ်၊ အောက်တိုဘာ ၈
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ဘက်ပိုင်း နဘူး-တံတားကျိုး(ကော့ကရိတ်)လမ်းပိုင်းတစ် လျှောက်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နဘူး-တံတားကျိုး လမ်းပိုင်းမှာရှိတဲ့ နန်းကော်တေး၊ နောင်ထပ္ပံ၊ လန်ခိုဘိုင်း၊ မြပတိုင်အစရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်လက်အောက်ခံ တပ်မ ၄၄ က အောက်တိုဘာ ၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
နဘူး-တံတားကျိုး(ကော့ကရိတ်)လမ်းပိုင်း ပြန်လည်ထိန်းချုပ်လိုက်တဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံတွေရဲ့ နေအိမ်တွေအများအပြားကို ဖျက်ဆီးပစ်ကာ တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာစဉ်အတွင်း နဘူး-တံတားကျိုးလမ်းပိုင်းက မြပတိုင်ကျေးရွာမှာ ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ နဘူးတပ်နယ်ကနေတစ်ဆင့် စစ်ကြောင်းထိုးတာတွေ ရှိနေသလို ကျုံဒိုး ကျုံဘိုင်းတောင်တန်းကနေတစ်ဆင့် တောလမ်းအတိုင်း မြပတိုင် ရင်ကွဲတောင်စခန်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
နဘူး-တံတားကျိုးလမ်းပိုင်းမှာရှိတဲ့ ရင်ကွဲတောင်စခန်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရင်ကွဲတောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သလို ကျုံဒိုး-နဘူးလမ်းနဲ့ နဘူး-တံတားကျိုးလမ်းပိုင်းတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကာလမတိုင်ခင် ကရင်ပြည်နယ်မှာ အင်အားအများအပြားနဲ့ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ ကျုံဒိုး-ကော့ကရိတ်လမ်း၊ အာရှလမ်း၊ သင်္ဃန်းညီနောင်နဲ့ မြဝတီမြို့တို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်ခဲ့ပြီး လေးကေကော်မြို့ကိုလည်း တစ်ဝက်နီးပါးအထိ ပြန်လည်သိမ်းပိုက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

