လန်ဒန်၊ စက်တင်ဘာ ၁၈
ဗြိတိန် လွှတ်တော်ရင်ပြင်မှာ လူထောင်ချီ စုဝေးပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
သမဂ္ဂတွေနဲ့ ပရဟိတအဖွဲ့ ၅၀ကျော် ပါဝင်တဲ့ Stop Trump Coalition အဖွဲ့ဝင်တွေဟာ လန်ဒန် မြို့လယ်ခေါင်က စတင်ပြီး ချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြသူ တချို့က လူမျိုးရေး မခွဲခြားနဲ့၊ ထရန့်ကို ဆန့်ကျင်ကြ၊ အစ္စရေးကို လက်နက် ထောက်ပံ့နေတာရပ် လို့ ရေးသားထားတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြတာပါ။
တခြား ဆန္ဒပြသူတွေကတော့ ထရန့်ရဲ့ ၂၀၁၉ ခုနှစ်တုန်းက ပထမဆုံး နိုင်ငံတော်ခရီးစဉ်အတွင်း ဆန့်ကျင် ဆန္ဒပြချိန်က အသုံးပြုခဲ့ကြတဲ့ လေထိုး ထရန့် ကလေးအရုပ် အသေးစားလေးတွေကို ယူဆောင်လာကြတာ တွေ့ရပါတယ်။
ဆန္ဒပြပွဲအတွင်း လူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော် ချထားခဲ့ပြီး တခြားတပ်ဖွဲ့ဝင် ၅၀၀ ကို ခေါ်ယူအားဖြည့်ခဲ့ရတယ်လို့ လန်ဒန် ရဲတပ်ဖွဲ့က ဆိုပါတယ်။
မြို့တော်ရဲတပ်ဖွဲ့ လက်ထောက်ရဲမှူးကြီး လွိုက်စ် ပူဒီဖု့ဒ်က ရဲတပ်ဖွဲ့ဝင်တွေအတွက် နောက်ထပ် အလုပ်ရှုပ်တဲ့ နေ့ရက် တစ်ရက်နဲ့ ကြုံရဦးမယ်လို့ စက်တင်ဘာ ၁၇ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ထရန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲဟာ Unite the Kingdom ဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Stop Trump Coalition လို့ခေါ်တဲ့ ထရန့် တားဆီးရေး ညွှန့်ပေါင်းအဖွဲ့ဟာ ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေကနေ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်သူတွေနဲ့ ပါလက်စတိုင်းလိုလားတဲ့ အဖွဲ့အစည်းတွေအထိ ပါဝင်တဲ့ ညွှန့်ပေါင်းအဖွဲ့ ဖြစ်ပါတယ်။
အခုလို ချီတက် ဆန္ဒပြပွဲမတိုင်ခင် အဲဒီ ညွှန့်ပေါင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထရန့်နဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုကို ဦးညွှတ်မယ့် အစိုးရဟာ ဖက်စစ်ဝါဒအတွက် တံခါးဖွင့်ပေးတဲ့ အစိုးရပဲ ဖြစ်လိမ့်မယ်လို့ ပြောဆိုထားတာပါ။
ဆန္ဒပြသူတွေ စုဝေးရာနေရာမှာ ဟောပြောပွဲတွေလည်း ပြုလုပ်ခဲ့ပြီး ဟောပြောသူတွေထဲမှာ ဗြိတိန် လေဘာပါတီ လွှတ်တော် အမတ်အချို့လည်း ပါဝင်ခဲ့ပါတယ်။
အခု ဆန္ဒပြပွဲမှာ မတူညီတဲ့ အဖွဲ့အစည်းတွေ ပါဝင်ပေမယ့် အားလုံးက ထရန့်ကို မုန်းတီးနေသူတွေ ဖြစ်ပါတယ်။
Ref:BBC

