မော်စကို၊ စက်တင်ဘာ ၁၈

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ရုရှား အတိုက်အခံခေါင်းဆောင် အလက်စီ နာဗယ်နီဟာ ၂၀၂၄ ခုနှစ်က အာတိတ်စက်ဝိုင်းရှိ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရချိန် အဆိပ်ခတ်ခံရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သူ့ရဲ့ ဇနီးက ပြောကြားခဲ့ပါတယ်။

ခိုးထုတ်ယူလာတဲ့ ဇီဝဗေဒဆိုင်ရာ နမူနာတွေကို နိုင်ငံနှစ်နိုင်ငံရှိ ဓာတ်ခွဲခန်းတွေမှာ လေ့လာစစ်ဆေးရာ နာဗယ်နီဟာ အဆိပ်ခတ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ တွေ့ရှိခဲ့ကြောင်း သူ့ရဲ့ ဇနီး ယူလီယာ နာဗယ်နာယာက လူမှုမီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ပြောဆိုပါတယ်။

အသုံးပြုခဲ့တယ်ဆိုတဲ့ အဆိပ်၊ ဇီဝဗေဒဆိုင်ရာ နမူနာတွေ ဒါမှမဟုတ် လေ့လာစစ်ဆေးမှုနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဇနီးဖြစ်သူ ယူလီယာက မပြောထားပေမယ့် စစ်ဆေးမှု ရလဒ်တွေကို အများသိ ဖော်ပြပေးဖို့ ဓာတ်ခွဲခန်း နှစ်ခုထံ တောင်းဆိုထားပါတယ်။

အကျင့်ပျက် ခြစားမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ရုရှားရဲ့ အသံအကျယ်ဆုံး အတိုက်အခံ ခေါင်းဆောင်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က အသက် ၄၇ နှစ် အရွယ်မှာ ထောင်ထဲမှာ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက သူဟာ နိုဗီချော့ဗ် အာရုံကြော အဆိပ်နဲ့ အဆိပ်ခတ်ခံခဲ့ရတာပါ။

သူဟာ ဂျာမနီမှာ ဆေးကုသမှုခံယူခဲ့ပြီး ရုရှားသို့ ပြန်လာချိန် လေဆိပ်အရောက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

သေဆုံးချိန်က သူဟာ လွဲမှားတဲ့ စွဲချက်တွေနဲ့ ထောင် ၃ နှစ် ကျခံနေရချိန် ဖြစ်ပြီး အာတိတ်စက်ဝိုင်းရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်ဆီ လွှဲပြောင်းခံရပြီး မကြာခင်မှာ ရုတ်တရက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သူသေဆုံးမှုမှာ ရုရှားအစိုးရ ပါဝင်ပတ်သက်နေတယ်လို့ နာဗယ်နီရဲ့ ထောက်ခံသူတွေနဲ့ သူ့ရဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး (FBK) က လုပ်ဖော်ကိုင်ဖက်တွေက အမြဲ ပြောဆိုခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီက နာဗယ်နီ သေဆုံးချိန်မှာ သူ့ရဲ့ ဇီဝဗေဒဆိုင်ရာ နမူနာတွေကို တိတ်တဆိတ် ရယူပြီး ပြည်ပသို့ ပို့ဆောင်နိုင်ခဲ့တယ်လို့ သူ့ဇနီး နာဗယ်နီယာက ပြောပါတယ်။

အဲဒီ နမူနာတွေကို စစ်ဆေးခဲ့တဲ့ နိုင်ငံနှစ်နိုင်ငံရှိ ဓာတ်ခွဲခန်းတွေက နာဗယ်နီ အဆိပ်ခတ်ခံရတာ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြောင်း နာဗယ်နီယာက ဆိုတာပါ။

အဲဒီ ဓာတ်ခွဲခန်းတွေရဲ့ တည်နေရာကို နာဗယ်နီယာက မပြောပေမယ့် နိုင်ငံရေးအရ တွေးတော စဉ်းစားမှုတွေကြောင့် စစ်ဆေးမှု ရလဒ်ကို လူသိရှင်ကြား မဖော်ပြသေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

နာဗယ်နီယာရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သတိမပြုမိသေးကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။

နာဗယ်နီ သေဆုံးမယ့်နေ့က လမ်းလျှောက်ထွက်ဖို့ သူ့ကိုအကျဉ်းခန်းထဲက ခေါ်ထုတ်သွားပေမယ့် နေထိုင်မကောင်း ဖြစ်လာတဲ့အတွက် အကျဉ်းခန်းထဲ ပြန်ခေါ်လာချိန်မှာ ကြမ်းပြင်ပေါ်လဲကျပြီး အော့အန်နေခဲ့တယ်လို့ သူ့ဇနီးက ပြောပါတယ်။

ဒါပေမဲ့ အကျဉ်းခန်းအစောင့်က မိနစ် ၄၀ ကျော်ကြာတဲ့အထိ လူနာတင်ယာဉ် မခေါ်ပေးခဲ့ဘဲ သူခံစားနေရတဲ့ ဝေဒနာကို စောင့်ကြည့်နေခဲ့တယ်လို့ နာဗယ်နီယာက ပြောပါတယ်။

နာဗယ်နီအပါအဝင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဆန့်ကျင်သူတွေဟာ အလားတူ ဖြစ်ရပ်မျိုးနဲ့ ပျောက်ချင်းမလှ ပျောက်သွားတာ ဒါမှမဟုတ် ရုတ်တရက် သေဆုံးတာတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.