ပရိုဗို၊ စက်တင်ဘာ ၁၇

ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ဒ် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် သံသယရှိသူကို သေဒဏ် ချမှတ်နိုင်ရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ယူတား ပြည်နယ်အစိုးရ ရှေ့နေတွေက စက်တင်ဘာ ၁၆ ရက်မှာ ပြောကြားလိုက်ပြီး သံသယရှိသူ ဖွင့်ဟဝန်ခံထားတယ်ဆိုတဲ့ စာမက်ဆေ့ချ် အပါအဝင် သက်သေအထောက်အထားတွေကို ဖွင့်ချလိုက်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ယူတားဗယ်လီ တက္ကသိုလ်ဝင်းအတွင်း ဟောပြောနေတဲ့ Turning Point USA အဖွဲ့ တည်ထောင်သူ အသက် ၃၁ နှစ်အရွယ် ချာလီကာ့ဒ်ကို အသက် ၂၂ နှစ်အရွယ် တိုင်လာ ရော်ဘင်ဆင်ဆိုသူက အဆောက်အဦတစ်ခုရဲ့ ခေါင်မိုးပေါ်ကနေ ရိုင်ဖယ်သေနတ်နဲ့ တစ်ချက်တည်း ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အမုန်းထား ပြောဆိုတာတွေနဲ့ ပတ်သက်လို့ တော်တော် စိတ်ကုန်နေပြီ ဖြစ်ကြောင်း ရော်ဘင်ဆင်က သူ့ရဲ့အခန်းဖော်၊ ချစ်သူကို ပြောကြားခဲ့တယ်လို့ တရားရုံးသို့ အစိုးရရှေ့နေတွေရဲ့ တင်ပြချက်မှာ ဖော်ပြထားပါတယ်။

ယူတား ပြည်နယ်ဒေသဆိုင်ရာ အစိုးရရှေ့နေ ဂျက်ဖရီ ဂရေးက ရော်ဘင်ဆင်အပေါ် ပြင်းထန်တဲ့ လူသတ်မှု၊ သက်သေအထောက်အထား ဖျောက်ဖျက်မှု၊ မျက်မြင်သက်သေတွေကို အနှောင့်အယှက်ပေးမှု အပါအဝင် စွဲချက် ၇ ခုနဲ့ စွဲချက်တင်ထားပါတယ်။

သံသယရှိသူ ရော်ဘင်ဆင်ကို သေဒဏ်ချမှတ်ရေး ကြိုးပမ်းဖို့ ဆုံးဖြတ်ချက်ဟာ အမှီအခိုကင်းစွာ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရှေ့နေ ဂျက်ဖရီက ပြောပါတယ်။

ရော်ဘင်ဆင်က ချာလီ ကာ့ဒ်ကို တိုက်ခိုက်ဖို့ သီတင်းတစ်ပတ် ကြိုပြီး ပြင်ဆင်ထားတယ်လို့ သူ့ရဲ့ အခန်းဖော်ကို ပြောကြားခဲ့ကြောင်း တရားရုံး စာရွက်စာတမ်းတွေမှာ ဖော်ပြပါတယ်။

ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဖော်ပြမထားတဲ့ ရော်ဘင်ဆင်ရဲ့ အခန်းဖော်က အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ထင်ရှားတဲ့ မဟာမိတ်ဖြစ်သူ ချာလီ ကာ့ဒ်ဟာ ပရိတ်သတ် ၃၀၀၀ လောက်ကို ဟောပြောနေချိန်မှာ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်ရပ်ကို ရိုက်ကုးထားတဲ့ ဗီဒီယိုဖိုင်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

ထရန့်ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုနဲ့ နှစ်ကြိမ်တိုင် ကြုံတွေ့ခဲ့ရပြီး မင်နီဆိုတာပြည်နယ်မှာ ဒီမိုကရက်လွှတ်တော် အမတ်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ချာလီကာ့ဒ် သတ်ဖြတ်ခံရမှုကြောင့် အမေရိကန်မှာ နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.