ဂျေရုစလင်၊ စက်တင်ဘာ ၁၇

အစ္စရေးက ခြိမ်းခြောက်ထားတာကြာပြီဖြစ်တဲ့ ဂါဇာစီးတီးအပေါ် မြေပြင်ထိုးစစ်ဆင်မှုကို စက်တင်ဘာ ၁၆ ရက်က စတင်လိုက်ပြီး ဂါဇာ မီးလောင်မြိုက်နေပြီလို့ ကြေညာပါတယ်။

အစ္စရေးရဲ့မြေပြင်ထိုးစစ် စတင်ချိန် ပါလက်စတိုင်းသား ထောင်ပေါင်းများစွာ ထွက်ပြေးသွားခဲ့ပြီး နှစ်နှစ်ကြာ စစ်ပွဲအတွင်း အပြင်ထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သူတို့က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ အဓိက မြို့ဖြစ်တဲ့ ဂါဇာစီးတီး အတွင်းနက်နက်ထဲ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေပြီလို့ အစ္စရေး စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဦးက ပြောကြားပြီး အဲဒီ မြို့မှာ ရှိနေတဲ့ ဟားမာ့စ် တပ်ဖွဲ့ဝင် ၃၀၀၀ လောက်ကို ချေမှုန်းရေး လာမယ့် ရက်ပိုင်းအတွင်း အင်အား ထပ်ဖြည့်သွားမယ်လို့ ပြောပါတယ်။

ဂါဇာ မီးလောင်မြိုက်နေပါပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က လူမှုမီဒီယာမှာ ရေးပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး၊ ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရေး သတ္တိရှိရှိ တိုက်ပွဲဝင်နေကြတယ်လို့လည်း ဝန်ကြီး ကာ့ဇ်က ပြောပါတယ်။

အစ္စရေးက ဂါဇာစီးတီးကို လေကြောင်း၊ ရေကြောင်းနဲ့ ကုန်းကြောင်းကနေ အရှိန်မြှင့် တိုက်ခိုက်နေချိန် အနီးအနားဒေသတွေမှာ ကြီးမားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဂါဇာမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေ အလွန်အမင်းဆိုးရွားပြီး နိုင်ငံရေးအရရော ဥပဒေအရပါ သည်းမခံနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်က ဂါဇာမှာ အစ္စရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ပြောထားပေမယ့် အစ္စရေးက ပယ်ချထားပါတယ်။

ဂါဇာစီးတီးကို မြေပြင်ထိုးစစ်ဆင်ရင် ဓားစာခံတွေ အန္တရာယ်ကျရောက်နိုင်ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေအတွက် သေမင်းထောင်ချောက် ဖြစ်လာနိုင်တယ်လို့ အစ္စရေးတပ်မှူး တချို့က သတိပေးထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ဥရောပခေါင်းဆောင်တွေက သတိပေးထားပေမယ့်လည်း အစ္စရေးက အခုလို မြေပြင်ထိုးစစ် စတင်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကတော့ အစ္စရေးဖက်က ရပ်တည်ပြီး ဟားမာ့စ်အနေနဲ့ ဓားစာခံတွေကို လူသားဒိုင်းအဖြစ် အသုံးချမယ်ဆိုရင် ငရဲကျသလို ပေးဆပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.