မက်ဒရစ်၊ ဝါရှင်တန်၊ စက်တင်ဘာ ၁၆
ဗီဒီယိုအတိုလေးတွေ ဝေမျှနိုင်တဲ့ TikTok အက်ပလီကေးရှင်းကို အမေရိကန် ပိုင်ဆိုင်မှုအောက်သို့ လွှဲပြောင်းပေးရေး မူဘောင်ဆိုင်ရာ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း အမေရိကန်နဲ့တရုတ် အရာရှိတွေက စက်တင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
အဲဒီ သဘောတူညီမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ စက်တင်ဘာ ၁၉ ရက် မက်ဒရစ်မြို့မှာ တွေ့ဆုံချိန် အတည်ပြုသွားမယ်လို့ နှစ်နိုင်ငံအရာရှိတွေက ပြောပါတယ်။

အမေရိကန်မှာ အသုံးပြုသူ သန်း ၁၇၀ ကျော်ရှိပြီး လူကြိုက်များတဲ့ အဲဒီအက်ပလီကေးရှင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီမှုဟာ ကမ္ဘာ့ နံပါတ် ၁ နဲ့ နံပါတ် ၂ စီးပွားရေး နှစ်နိုင်ငံကြား လများစွာကြာ ဆွေးနွေးပြီးနောက် ရှားရှားပါးပါး ရရှိတဲ့ သဘောတူညီမှု ဖြစ်ပါတယ်။
အဲဒီ နှစ်နိုင်ငံစလုံးက ကမ္ဘာ့ဈေးကွက်တွေကို လှုပ်ခတ်စေခဲ့တဲ့ ပိုကျယ်ပြန့်တဲ့ ကုန်သွယ်ရေး စစ်ပွဲ ပြေလည်စေရေး ကြိုးပမ်းနေကြပါတယ်။
စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ တရုတ် ညှိနှိုင်းရေးမှူးတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်က စက်တင်ဘာ ၁၇ ရက် နောက်ဆုံးရက် သတ်မှတ်ထားတာကြောင့် အမေရိကန်မှာ အဲဒီ အက်ပလီကေးရှင်း အသုံးပြုမှု အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် သဘောတူညီမှု ရယူဖို့ တရုတ် ညှိနှိုင်းရေးမှူးတွေအတွက် တွန်းအား ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

သဘောတူညီမှုကို အပြီးသတ်ရေး နောက်ဆုံး သတ်မှတ်ရက်ကို ရက်ပေါင်း ၉၀ နောက်ဆုတ်နိုင်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
ဒါပေမဲ့ အဲဒီ သဘောတူညီမှုနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပြောပြဖို့ သူက ငြင်းဆန်ပါတယ်။
သဘောတူညီမှုရဲ့ စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ထုတ်ဖော် ကြေညာချိန်မှာ တရုတ်အရာရှိတွေ လိုလားတဲ့ TikTok ရဲ့ ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာသွင်ပြင်တွေကို ဆက်လက် ထိန်းသိမ်းပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ဆိုတာပါ။
အဲဒီ ကုမ္ပဏီကို အမေရိကန် ပိုင်ဆိုင်မှုအောက်သို့ လွှဲပြောင်းပေးပြီးနောက် တရုတ်က အစုရှယ်ယာတွေ ဆက်လက် ပိုင်ဆိုင်ထားဦးမှာလား ဆိုတဲ့ မေးလွန်းကို ဝန်ကြီး စကော့ ဘတ်ဆင့်က မိမိအနေနဲ့ တရုတ်သမ္မတ ရှီနဲ့ ဆွေးနွေးပြီးမှ အတည်ပြုပေးနိုင်မယ်လို့ ဖြေကြားသွားပါတယ်။
TikTok က အသုံးပြုသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရယူစုဆောင်းနေပြီး တရုတ် ကွန်မြူနစ်ပါတီကို လွှဲပြောင်းပေးနိုင်တာကြောင့် နိုင်ငံတော် လုံခြုံရေး စိုးရိမ်ရတယ်ဆိုပြီး အမေရိကန် ပိုင်ဆိုင်မှုအောက်သို့ လွှဲပြောင်းပေးဖို့ နှစ်ဖက် ညှိနှိုင်းနေတာ ကြာပြီ ဖြစ်ပါတယ်။
Ref:Reuters

