ဘက်စကင်းရိတ်ချ်၊ စက်တင်ဘာ ၁၅

စစ်ပွဲအနိုင်ရရှိရေး နေတိုးအဖွဲ့ရဲ့ ကတိပြုမှုဟာ ၁၀၀ ရာခိုင်နှုန်းထက် အများကြီး လျော့နည်းနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က လူမှုမီဒီယာမှာ ရေးသားဖော်ပြလာပါတယ်။

နေတိုး အဖွဲ့ဝင်နိုင်ငံအချို့က ရုရှားရေနံတွေကို ဝယ်ယူနေတာဟာ ထိတ်လန့်စရာကောင်းတယ်လို့လည်း ထရန့်က ပြောပါတယ်။

၂၀၂၃ ခုနှစ်ကတည်းက နေတိုးအဖွဲ့ဝင် တူရကီဟာ တရုတ်နဲ့အိန္ဒိယပြီးနောက် ရုရှားရေနံတွေကို တတိယ အများဆုံး ဝယ်ယူတဲ့နိုင်ငံဖြစ်ပါတယ်။

အဖွဲ့ဝင် ၃၂ နိုင်ငံ ပါဝင်တဲ့ မဟာမိတ်အဖွဲ့ထဲက ရုရှားရေနံတွေ ဝယ်ယူရာမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေ ရှိနေပြီး ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့လည်း ပါဝင်ပါတယ်။

ထရန့်အနေနဲ့ တူရကီသမ္မတ အာဒိုဂန် ဒါမှမဟုတ် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်နဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့ဖို့ ဆန္ဒရှိသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အခုလို ခြိမ်းခြောက်မှုတွေကနေ ရုရှားရေနံတွေ ဝယ်ယူနေတဲ့ နိုင်ငံတွေ အပေါ် အခွန်အသစ်တွေ ကောက်ခံမှုဆီ ဦးတည်းသွားမလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နေတိုးမဟာမိတ် ပိုလန်နိုင်ငံ လေပိုင်နက်ထဲကို ရုရှားရဲ့ ဒရုန်းတွေ ဝင်ရောက်လာလို့ ပိုလန်က ပစ်ချခဲ့ပြီးနောက်မှာ အမေရိကန် သမ္မတက အခုလိုမျိုး ပြောကြားလာတာပါ။

ရုရှားရဲ့ ဒရုန်းတွေ လမ်းကြောင်းပြောင်းပြီး ဝင်ရောက်လာတာ ဖြစ်နိုင်ပြီး ကြီးကြီးမားမား အန္တရာယ် မရှိဘူးလို့ ထရန့်က ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလက ယူကရိန်းစစ်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်ပစ်မယ်လို့ ထရန့်က ပြောဆိုခဲ့ပေမယ့် အကြိမ်များစွာမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ တွန့်ဆုတ်နေတာ တွေ့ရပါတယ်။

ယူကရိန်းအနေနဲ့ စစ်ပွဲရပ်တန့်စေဖို့ ဆွေးနွေးမှုတွေကတဆင့် အဖြေမရှာဘူးဆိုရင် အင်အားသုံးပြီး စစ်ပွဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပူတင်က ခြိမ်းခြောက်ထားပါတယ်။

အလက်စကားပြည်နယ်မှာ ပူတင်နဲ့ ထရန့်တို့ တွေ့ဆုံခဲ့ပေမယ့်လည်း ငြိမ်းချမ်းရေးအတွက် အခြေအနေ တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

ယူကရိန်းနဲ့ရုရှားတို့က ငြိမ်းချမ်းရေး အထမမြောက်အောင် တားဆီးနေတယ်လို့ အပြန်အလှန် စွပ်စွဲထားပြီး တိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်နေကြပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်စေရေး တရုတ်အနေနဲ့ လုပ်ပေးနိုင်တာတွေ အများကြီး ရှိပေမယ့် ရုရှား ရေနံတွေကို ဝယ်ယူနေတဲ့ တရုတ်အပေါ် အခွန် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အထိ ကောက်ခံသွားမယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.