ခတ္တမန္ဒူ ၊ စက်တင်ဘာ ၁၅
အင်တာနက်ခေတ်မှာ ကြီးပြင်းလာတဲ့ မျိုးဆက် “Gen Z”လူငယ်တို့ရဲ့ ဆန္ဒပြပွဲတွေကြောင့် အရင်အစိုးရ ပြုတ်ကျသွားပြီးနောက် ယာယီ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်နေတဲ့ နီပေါ ခေါင်းဆောင် အသစ်က အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေး ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုအတိုင်း လိုက်ပါ လုပ်ဆောင်မှာ ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်မှာကတိပြုလိုက်ပါတယ်။
စက်တင်ဘာ ၁၂ ရက်မှာ စတင်တာဝန်ယူပြီးနောက် ပထမဆုံး အများပြည်သူသို့ ပြောဆိုမှုအဖြစ် ဝန်ကြီးချုပ် ဆူရှီလာ ကာကီက ဂျန်နရေးရှင်း ဇက်တို့ရဲ့ စဉ်းစားပုံအတိုင်း ကျွန်မတို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒီအုပ်စု တောင်းဆိုနေတာက အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖြစ်ရေးနဲ့စီးပွားရေးအရ တန်းတူညီမျှ ဖြစ်ရေးတို့ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အသက် ၇၃ နှစ်အရွယ် တရားရေး အကြီးအကဲဟောင်းဟာ မငြိမ်သက်မှုတွေအတွင်း သေဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ၁ မိနစ် ငြိမ်သက်ခဲ့ပြီးနောက် အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

နှစ်ရက်ကြာ ဆန္ဒပြပွဲတွေအတွင်း လူ ၇၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၉၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် အက်ခ်နာရာယမ် အာယဲလ်က စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
ဒါက ဆယ်စုနှစ် တစ်စုကြာ ပြည်တွင်းစစ် အဆုံးသတ်ပြီး ၂၀၀၈ ခုနှစ်မှာ ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး မငြိမ်သက်မှု ဖြစ်ပါတယ်။
ဆန္ဒပြသူတွေရဲ့ ကိုယ်စားလှယ်တွေ၊ စစ်ဖက်ဆိုင်ရာ အကြီးအကဲနဲ့ သမ္မတတို့ကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ယာယီ အစိုးရအဖွဲ့ကို ဦးဆောင်မယ့်သူအဖြစ် မစ္စစ် ကာကီကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ယာယီဝန်ကြီးချုပ်အဖြစ် လူငယ်တွေက အက်ပလီကေးရှင်းသုံးပြီး ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
သူ့ကို ခန့်အပ်ပြီး မကြာခင်မှာပဲ လွှတ်တော်ကို ဖျက်သိမ်းပြီး ၂၀၂၆ ခုနှစ်မတ် ၅ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
Ref:AFP

