ကျိုက်ထို၊ စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာကနေ စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတဲ့ ရွှေတွင်း လုပ်သားတွေထဲက ၃၀ ကျော်ကို စစ်မှုထမ်းအတွက် ခေါ်ဆောင်သွားတယ်လို့ ကင်မွန်းချောင်းရဲစခန်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငှက်ပျောတောကျေးရွာ ဧက ၂၀၀ အနီးမှာရှိတဲ့ ရွှေတွင်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက် မနက် ၁၀ နာရီခန့်မှာ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက် ဖမ်းဆီးပြီး လုပ်သား ၅၀ ခန့်ကို ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ခေါ်သွားခဲ့တာပါ။

အဲဒီနေ့ ညနေပိုင်းမှာ ဖမ်းဆီးထားသူတွေထဲက ၃၀ ကျော်ကို စစ်မှုထမ်းဆောင်ဖို့အတွက်ဆိုကာ စစ်ကားတွေနဲ့ခေါ်ဆောင်သွားပြီး မော်လမြိုင် အမှတ် ၆ ပညာရေးကျောင်းကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေထဲက မိသားစုတွေ ရွေးနိုင်ခဲ့တဲ့ လုပ်သား ၉ ဦး ပြန်လွတ်လာပေမယ့် ကျန်တဲ့သူတွေကိုတော့ ငွေပေးရွေးခဲ့တာတောင် ပြန်မလွှတ်ခဲ့ဘဲ မော်လမြိုင်မြို့ကို ပို့ဆောင်လိုက်တာ ဖြစ်တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းဖို့ ပို့ဆောင်ခံရသူတွေဟာ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းဘက်ကနေ ရွှေလုပ်ကွက်ထဲမှာ လုပ်သားအနေနဲ့ လာရောက်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဘက်က ပြန်လွှတ်ပေးလိုက်သူတွေကတော့ အမျိုးသမီးတွေ၊ သက်ကြီးပိုင်းအမျိုးသားတွေနဲ့ အသက်မပြည့်သေးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မှာ စစ်ကော်မရှင် အင်အား ၁၀၀ ခန့်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဂျစ်တူး၊ အငယ်ကောင်၊ သိန်းရွှေ၊ ဦးဖြူလေး၊ ကောင်းထက်ဇော် အမည်ရှိ ရွှေလုပ်ကွက် ၆ ကွက်အတွင်း ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့တာပါ။

အဲဒီလို ဖမ်းဆီးချိန်မှာ လုပ်သားတွေနဲ့အတူ ဘက်ဟိုး ၂ စီး၊ ဆိုင်ကယ် ၁၀ စီးနဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းသွားပြီး အဖမ်းခံရသူတွေနဲ့ပစ္စည်းအားလုံးကို ကင်မွန်းချောင်းရဲစခန်းဆီ ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.