ရေဖြူ၊ စက်တင်ဘာလ ၁၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းက ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်ဟာ အင်အားသုံးထိုးစစ်ဆင်နေတယ်လို့ ဗျူဟာ ၃၃ ဆင်စစ်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို စစ်ကော်မရှင်ဘက်က အင်အားသုံးထိုးစစ်ဆင်နေတာကြောင့် မလွှဲတောင်နဲ့ကလိန်အောင်ကြားရှိ ကျေးရွာတွေအနီးမှာ စစ်ရေးပြင်းထန်နေပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲက ရေဖြူတခွင်လုံးမှာ ဖြစ်နေပြီး ကံပေါက်-ကလိန်အောင်လမ်းအပါအဝင် တစ်နယ်လုံးမှာ တိုက်ပွဲတွေအနှံ့ဖြစ်ပွားနေကြောင်း၊ သုံးလေးရက် တစ်ကြိမ်နဲ့ တစ်ပတ်ခြားတစ်ကြိမ် တိုက်ပွဲဖြစ်တာတွေ ရှိနေတဲ့အကြောင်း စစ်ဆင်ရေးမှူး စောဒါးကိုက ပြောပါတယ်။

စစ်ကော်မရှင်ဘက်က အခုလို အင်အားသုံးစစ်ကြောင်းထိုးနေတာက မကြာခင် ပြုလုပ်မယ့်ရွေး ကောက်ပွဲကာလအတွင်း လမ်းပိုင်းတွေပြန်ရဖို့နဲ့ ကျေးရွာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကံပေါက်-ကလိန်အောင်လမ်းပိုင်း၊ မလွှဲတောင်-ကလိန်အောင်၊ နတ်အိမ်တောင်လမ်း၊ မင်းသား-ဘုရားဆုံးဆူလမ်းပိုင်းတွေမှာ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစတင်ပြီး ကော့လှိုင်းကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့စစ်ကော်မရှင် စစ်ကြောင်းတို့ တိုက်ပွဲစတင်ဖြစ်ပွားရာကနေ နေ့စဉ်အလိုလို တိုက်ပွဲတွေဖြစ်လာသလို တိုက်ပွဲဖြစ်ပွားတဲ့ဧရိယာတွေလည်း တိုးပွားလာခဲ့ပါတယ်။

အခုအချိန်မှာတော့ တိုက်ပွဲတွေက ကော့လှိုင်း၊ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်၊ ရာဖူး၊ ကျွဲတလင်းကျေးရွာတွေအနီးအထိ ရောက်လာနေပြီဖြစ်ပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ အင်အား ၁၀၀၀ လောက်အသုံးပြုပြီး စစ်ကြောင်းပတ်ထိုးနေသလို KNLA ပူးပေါင်းအဖွဲ့တွေဘက်ကလည်း လမ်းပိုင်းတွေကနေ ဖြတ်တောက်ပြီး တိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာနေပါတယ်။

တိုက်ပွဲကာလအတွင်းမှာ KNLA ပူးပေါင်းတပ်ဘက်က ၄ ဦး ကျဆုံးထားပြီး ၂၀ ကျော်ဒဏ်ရာရထားကာ စစ်ကော်မရှင်ဘက်ကတော့ အများအပြား သေဆုံးထိခိုက်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ဝကုန်း၊ သင်္ကန်းတုန်း၊ ရာဖူး၊ ကျွဲတလင်း၊ သုံးဆူ၊ ကော့လှိုင်း၊ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်ရွာတွေအပါအဝင် ဒေသခံ ၇၀၀၀ ကျော်ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပြီး တစ်လကျော်တဲ့အထိ နေရပ်မပြန်ကြရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.