မော်လမြိုင် ၊ စက်တင်ဘာ ၁၂

မွန်ပြည်နယ်အတွင်းမှာ တရားမဝင် ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းကုန် ပစ္စည်းတွေကို ဖမ်းဆီးပြီးနောက် စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က စစ်ကော်မရှင် လက် အောက်ခံ တပ်သားတွေကို ဖြန့်‌ဝေတာတွေ ပြုလုပ်နေတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို ဖမ်းဆီးရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေကိုတော့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အောင်ပွဲရ တပ်မတော်သားတွေကို စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ဝါဒဖြန့်ပေးအပ်ပွဲကို ပြုလုပ်ခဲ့တာပါ။

အဲဒီထဲမှာတော့ တရားမဝင်ကုန်ပစ္စည်းတွေဆိုပြီး ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံထုတ် ခေါက်ဆွဲခြောက်တွေ၊ ငါးသေတ္တာဘူးတွေ၊ ကော်ဖီမစ်ထုတ်တွေ အပြင် တခြား စားသောက်ကုန် အမယ် ၇ မျိုးကို ပေးအပ်ခဲ့တာဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၈၀၀ ကျော် ရှိတယ်လို့ ဆိုထားပါတယ်။

ကုန်သည်တစ်ဦးကတော့ စစ်ကော်မရှင်က သူတို့ လက်အောက်ခံ တပ်သားတွေကို ဖြန့်ဝေပေးတဲ့ ပစ္စည်းတွေဟာ ဖမ်းဆီးထားတဲ့ ထိုင်းကုန်ပစ္စည်းတွေဖြစ်ပြီး လက်ရှိမှာလည်း ဆက်တိုက် ဖမ်းဆီးနေတာကြောင့် လုပ်ငန်းရှင်အများစု အလုပ်ပြောင်းရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။

“အခု အဲဒီမှာ ဖမ်းထားတာ မနည်းဘူး၊ ကျန်တဲ့ဟာတွေလည်း ဖမ်းထားတာ မနည်းဘူးဆိုတော့ အဲဒီမှာ လူတွေက မလုပ်ရဲကြတော့ဘူး။ အဲဒီလို ဖြစ်သွားတာ၊ ဘာမှလည်း မဝင်တော့ဘူး၊ ဘာမှလည်း မဖြစ်တော့ဘူး အဲဒီလို ဖြစ်နေတာ။ အွန်လိုင်းရှော့တောင် မရတော့ဘူး၊ အွန်လိုင်းရှော့တွေ တော်တော်များများ ပိတ်သွားကြပြီလေ။ ပစ္စည်းမှ မှာလို့ မရတော့တာ။ပစ္စည်း မှာလို့မရရင် သူတို့ ဘာရောင်းမှာလဲ။ ဘာမှ ရောင်းလို့ မရတော့ဘူး၊ အဲဒီအခါကျတော့ ကိုယ်တို့လည်း တခြား အလုပ်တွေ ပြောင်းလုပ်ဖို့ အတွက် လုပ်ငန်းရှင်တွေ တော်တော်များများက စဉ်စားနေကြရတာပေါ့ကွာ” လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသတွင်း ပြည်သူတွေ အသုံးမပြုနိုင်အောင် ပြုလုပ်ပြီး အခုလို သူတို့ရဲ့ တပ်သားတွေကို ပြန်ပေးတာဟာ မဖြစ်သင့်သလို သူတို့ရဲ့ တပ်သားတွေကတဆင့် ပြန်လည် ဝယ်ယူရမယ့် ပုံစံ ဖြစ်လာတယ်လို့ သူက ဝေဖန်ပါတယ်။

လက်ရှိ စစ်ကော်မရှင်လက်အောက်ခံတွေဟာ ထိုင်းကုန်ပစ္စည်း အခြေခံ စားသောက်ကုန်တွေကအစ ကုန်ပစ္စည်းအားလုံးကို မြို့ဝင်မြို့ထွက်တွေမှာ ဖမ်းဆီးတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးတာအပြင် ဈေးကွက်အတွင်းအထိ ဝင်ရောက် ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတာပါ။

အခုလို စစ်ကော်မရှင် လက်အောက်ခံတွေက ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံ ဖမ်းဆီးနေတာကြောင့် ဈေးကွက်အတွင်း ထိုင်းကုန် အများစု ပြတ်လပ်မှု ဖြစ်နေတဲ့အပြင် ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာနေပါတယ်။

တဖက်မှာ စစ်ကော်မရှင်ခန့် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းကလည်း သူတို့ရဲ့မဏ္ဍပ်တွေမှာ စည်ကားစေဖို့ အတွက် ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ ဘီ ယာတွေကို ဖမ်းဆီးပြီး ဝေငှတာတွေ လုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပါက အဲဒီ ကုန်ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကာ အကောက်ခွန် လုပ်ထုံးလုပ် နည်းတွေနဲ့အညီ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် အခုလို သူတို့ရဲ့ တပ်သားတွေကို ဖြန့်ဝေတာဟာ နိုင်ငံတော်အတွက် ရငွေနစ်နာမှုရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။

မွန်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှ ကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကအစ အဓိ က အားထား အသုံးပြုနေရပြီး စစ်ကော်မရှင်ရဲ့ လိုက်လံ ဖမ်းဆီးမှုတွေကြောင့် အခက်တွေ့ နေကြရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.