နေပြည်တော်၊ စက်တင်ဘာ ၉

နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့်ရရှိထားတဲ့ အမျိုးသမီးပါတီ(မွန်)အပါအဝင် နိုင်ငံရေးပါတီ လေးခုကို ပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)အရ သတ်မှတ် ပါတီရုံးခန်း မဖွင့်နိုင်လို့ ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခမောက်ပါတီလို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(စ)အရ ပါတီဝင်ဦးရေ မပြည့်မီတဲ့ အကြောင်းပြချက်နဲ့ ပါတီဖျက်သိမ်းခံလိုက်ရပါတယ်။

စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ အဲဒီနိုင်ငံရေးပါတီ လေးခုကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.