ဘားအံ၊ စက်တင်ဘာ ၁၀
ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမဖြစ်မြှောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ကလည်း ကျရာတာဝန်ကို အတူတကွ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ KNU ဗဟိုဌာနချုပ်က စက်တင်ဘာ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၃၄ ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ကို ကရင်အမျိုးသားအစည်းအရုံး KNU က သဝဏ်လွှာပေးပို့ရာမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့နောက် စစ်ကောင်စီကို ဖွဲ့စည်းပြီးတဲ့အချိန်ကစပြီး မတရားအုပ်ချုပ်ကာ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ်ကို ပြောင်းလဲဖွဲ့စည်းလိုက်ပြီး တရားဝင်မှုရရှိရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းလာတယ်လို့ သဝဏ်လွှာမှာ KNU က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီရွေးကောက်ပွဲဟာ နိုင်ငံရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်သာမက ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် ပြည်တွင်းပဋိပက္ခတွေကို ပိုမိုဖြစ်ပွားစေပြီး ကြောက်လန့်မှု၊ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေတယ်လို့လည်း KNU က ဆိုပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ဟာ ကရင်တစ်မျိုးသားလုံးဖိနှိပ်မှုကနေ လွှတ်မြောက်ဖို့၊ လွတ်လပ်ခွင့်၊ တန်းတူအခွင့်အရေး၊ ကိုယ့်ကံကြမ္မာဖန်တီးခွင့်ရရှိဖို့အတွက် နိုင်ငံရေးခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေစွာ ဆောင်ရွက်ရတယ်လို့ ဆိုထားပါတယ်။
KNU ဟာ ဂျနီဗာခေါ(Geneva Call)နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားမြစ်ခြင်းနဲ့ ကျားမခွဲခြားဆက်ဆံမှု ပပျောက်ရေး ကတိကဝတ်ကို အဲဒီအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံအတွင်း စွမ်းစွမ်းတမံလိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ဟာ ပြည်သူတွေနဲ့အတူလက်တွဲကာ မိခင်အဖွဲ့အစည်း အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အရာတွေကို ပံ့ပိုးကူညီဖို့လည်း တာဝန်ရှိတယ်လို့ ဖော်ပြပါတယ်။
ကရင်အမျိုးသားရဲတပ်ဖွဲ့ဟာ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဖို့အတွက် ပြည်သူလူထုတွေက လုံခြုံရေးအခန်းကဏ္ဍတာဝန်တွေကို ကရင်အမျိုးသားရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ဖို့၊ ပံ့ပိုးကူညီဖို့လည်း အလွန်ပင်အရေးကြီးတယ်လို့ KNU ဗဟိုဌာနချုပ်က ပြောဆိုလိုက်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

