ရေဖြူ၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေဖြူမြို့နယ်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၈ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ရဖူးကျေးရွာထဲကို လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကြောင့် နေအိမ်မှာရှိတဲ့ ရာဖူးကျေးရွာနေ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်နေရာမှာပဲ သေဆုံးပြီး အသက် ၄၀ အရွယ် ကိုဝင်းရွှေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာ နေ့လယ်ပိုင်းလောက်မှာ ရဖူးကျေးရွာထဲ ရောက်ရှိလာပြီးနောက် ကျေးရွာစာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာ တိုက်ပွဲအတွင်း ကုန်တင်ကား ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ နှစ်ဦးကြားညှပ် ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးထားပါတယ်။

ရေဖြူမြို့နယ်မှာ ပြီးခဲ့တဲ့လကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ရေး – ထား ဝယ်လမ်းပိုင်းက ကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.