နေပြည်တော် ၊ စက်တင်ဘာ ၉

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့်အပေးတဲ့အပေါ် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးမှုကြောင့် သိရှိရတဲ့အတွက် NUG အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အထူးလိုအပ်တဲ့ ထိရောက်တဲ့ ဆေးကုသခွင့်မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်တာဖြစ်ပြီး အဲဒီအတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို အပြည့်အဝ တာဝန်ယူရမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အပါအဝင် အာဆီယံ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာလူထုရဲ့ လိုလားချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျန်းမာစွာ အမြန်ဆုံးလွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ လျင်မြန်စွာ လုပ်ဆောင်ကြဖို့ NUG က တိုက်တွန်းထားတာပါ။

စစ်ကောင်စီကနေ အမည်ပြောင်းထားတဲ့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေတယ်လို့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေအဖွဲ့တွေကို တိုက်ရိုက်တွေ့ဆုံနိုင်အောင် ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပြုခဲ့ပါဘူး။

NLD အစိုးရလက်ထက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်အထိ စစ်ကော်မရှင်က အမှု ၁၉ မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.