ဘားအံ၊ စက်တင်ဘာ ၉

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ရိုက်နက်တိုက်ပိတ်ခံရပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်းသား တစ်ဦးဟာ ညှင်းပန်းနှိပ်စက်မှု ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့မှာ ဘားအံထောင် ကြိုးကြာဆောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအား ထောင်အာဏာပိုင်တွေက အဓမ္မခေါ်ယူ ရိုက်နှက်ကာ ခြေကျင်းခတ်ပြီး သုံးလ တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ထောင်အာဏာပိုင်တွေရဲ့ မတရားညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဇူလိုင် ၁၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ကိုဉာဏ်မင်းထွန်း အသက်ဆုံးပါးခဲ့ရပြီး အခြားတိုက်ပိတ်ခံ နိုင်ငံရေးအကျဉ်းသားတွေလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထောင်အာဏာပိုင်တွေ တိုက်ပိတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုဇော်ဝင်းအောင် ခေါ် ကိုဂျက်ကို ဦးဆောင်သူလို့ စွပ်စွဲပြီး တစ်လကျော် နေ့စဉ် အပြင်ခေါ်ထုတ် ရိုက်နှက်မှုတွေ ပြုလုပ်နေတာကြောင့် ကိုဇော်ဝင်းအောင်ဟာ အဆုံးစီရင်ဖို့အထိ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ကြုံတွေ့နေရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နက်တိုက်ပိတ်မှုကို စီစဉ်ခဲ့တဲ့ တစ်ပွင့် အရာရှိ အောင်ရဲနိုင် ခေါ် ရခိုင်ဟာ ဘားအံထောင်အတွင်း သတင်းတွေ ပြင်ပသို့ပေါက်ကြားပါက တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအား သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း PPNM က သက်သေတွေနဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘားအံထောင်မှာ မတရားတိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအား ခြေကျင်းခတ်၊ တိုက်ပိတ်မှုကနေ ချက်ချင်း လွှတ်ပေးဖို့၊ ဆေးဝါးကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုပေးဖို့အပါအဝင် အချက် လေးချက်ကို PPNM က တောင်ဆိုးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.