ဂျက်ဒါ၊ သြဂုတ် ၂၈

ဂါဇာကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်ဖို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရက်ချီက အာရပ်နိုင်ငံတွေကို တိုက်တွန်းပြောကြားပြီး နောက်ထပ် စစ်ပွဲတစ်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောဆိုလာပါတယ်။

ဆောဒီအာရေးဗီးယားပိုင် Asharq al-Awsat သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အာရက်ချီက အီရန်အနေနဲ့ အစ္စရေးနဲ့ ဖြစ်ပွားမယ့် နောက်ထပ် စစ်ပွဲ တစ်ပွဲအတွက် ကြိုတင် ပြင်ဆင်နေပြီး အခုတစ်ခေါက် တုံ့ပြန်မှုက ပိုပြီးတော့ အားကောင်းလိမ့်မယ်လို့ ပြောကြားပါတယ်။

အစ္စရေးနဲ့ အနာဂတ် ထိပ်တိုက်တွေ့နိုင်ခြေကို ပယ်ချမထားဘဲ အချိန်မရွေး စစ်ဖြစ်လာနိုင်တာကြောင့် မိမိတို့အနေနဲ့ ဘယ်အခြေအနေမျိုးအတွက်မဆို ကြိုတင် ပြင်ဆင်ထားတယ်လို့ သူက သြဂုတ် ၂၆ရက် ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂါဇာ ကမ်းမြောင် ဒေသ အခြေအနေကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဂျက်ဒါမြို့မှာ ဆွေးနွေးခဲ့ပြီးနောက် အာရက်ချီက အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဇွန်လက ၁၂ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း အီရန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံး ဘာတစ်ခုမှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

စစ်ပွဲ ၁၂ ရက်ကြာပြီးနောက်မှာ ခြွင်းချက်မရှိ အပစ်ရပ်ဖို့ တောင်းဆိုလာတာက မိမိတို့ မဟုတ်ဘဲ အစ္စရေး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အစ္စရေးအနေနဲ့ အီရန်ကို ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် မိမိတို့အနေနဲ့ နောက်ထပ် စစ်ပွဲတစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဒီတစ်ကြိမ် တုံ့ပြန်မှုက ပိုပြီးတော့ ပြင်းထန်လိမ့်မယ်လို့ အာရက်ချီက ပြောပါတယ်။

အီရန်ကို ရန်သူတွေက ပစ်မှတ်ထားဖို့ ကြိုးပမ်းလာရင် သံတမန်ရေးအရ သို့မဟုတ် ဆွေးနွေးပြီးတော့ ဖြေရှင်းမှာ မဟုတ်ဘဲ ဒုံးကျည်တွေနဲ့ပဲ တုံ့ပြန်မယ်လို့ သူက သတိပေးထားပါတယ်။

အစ္စရေးက ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန် ရေနံ အဆောက်အဦးတွေကို တိုက်ခိုက်ပြီး ရေနံစစ်ပွဲ ဆင်နွှဲဖို့ ကြိုးပမ်းခဲ့သလို အရှေ့အလယ်ပိုင်း ဒေသ တစ်ခုလုံး စစ်ပွဲထဲ ဝင်ပါလာစေဖို့ ကြိုးပမ်းခဲ့တယ်လို့ အာရက်ချီက ပြောပါတယ်။

မိမိတို့ အနေနဲ့ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးဖို့လည်း အသင့်ရှိပြီး ရန်စမှုတွေ မလုပ်ပါဘူးဆိုတဲ့ အာမခံချက်ရှိမှ ဆွေးနွေးမယ်လို့ အာရက်ချီက ပြောပါတယ်။

Ref:The Jerusalem Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.