အစ္စတန်ဘူလ်၊ သြဂုတ် ၂၈

သံမဏိကွန်ချာလို့ နာမည်ပေးထားတဲ့ တူရကီရဲ့ ပေါင်းစပ်ထားတဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို သမ္မတ အာဒိုဂန်က သြဂုတ် ၂၇ ရက်မှာ မိတ်ဆက်ပြသလိုက်ပါတယ်။

ဒီအခိုက်အတန့်ဟာ မိမိတို့နိုင်ငံနဲ့ မိမိတို့ရဲ့ ကာကွယ်ရေး လုပ်ငန်းနယ်ပယ် အတွက် အရေးကြီးတဲ့ အချိန်အခိုက်အတန့် တစ်ခု ဖြစ်တယ်လို့ သမ္မတ အာဒိုဂန်က ပြောပါတယ်။

ရေပြင်အခြေစိုက် လေကြောင်း ကာကွယ်ရေးစနစ်နဲ့ မြေပြင် အခြေစိုက် လေကြောင်း ကာကွယ်ရေးစနစ်၊ တူရကီ ဝေဟင်ပိုင်နက်ကို ကာကွယ်ရေး အာရုံခံကိရိယာတို့ကို ကွန်ရက် တစ်ခု အဖြစ် ပေါင်းစပ်ပြီး သံမဏိကွန်ချာ လေကြောင်း ကာကွယ်ရေးစနစ် တည်ဆောက်သွားမယ်လို့ တူရကီက ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကြေညာခဲ့တာပါ။

စီမံကိန်း နောက်ဆုံးအဆင့်မှာ ဒေါ်လာ သန်း ၄၆၀ တန်ဖိုးရှိ ယာဉ် ၄၇ စီးပါဝင်ပြီး မိမိတို့ရဲ့ မိတ်ဆွေတွေ အားကျမယ့် စနစ်ဖြစ်သလို ရန်သူတွေ ကြောက်ရွံ့မယ့် စနစ် ဖြစ်တယ်လို့ အာဒိုဂန်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီ လေကြောင်း ကာကွယ်ရေးစနစ်ကို အပြည့်အဝ အသုံးချနိုင်မယ့် အချိန်ကိုတော့ အစိုးရက ဖော်ပြမထားသေးပါဘူး။

တူရကီဟာ ၂၀၁၉ ခုနှစ်အတွင်း ရုရှားဆီက S-400 ဒုံးကျည် ကာကွယ်ရေး စနစ်တွေ ဝယ်ယူပြီး သူတို့ရဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို အားဖြည့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အဲဒီ လုပ်ရပ်ကြောင့် တူရကီဟာ အမေရိကန် ဦးဆောင်တဲ့ F-35 ကိုယ်ပျောက် တိုက်လေယာဉ် စီမံကိန်းကနေ ထုတ်ပယ်ခံခဲ့ရပြီး အန်ကာရာရဲ့ ကာကွယ်ရေး နယ်ပယ်အတွက် နစ်နာခဲ့ရပါတယ်။

အိမ်နီးချင်း ဆီးရီးယားနဲ့ ယူကရိန်းမှာ စစ်ဖြစ်နေပြီး မကြာသေးခင်က အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် တူရကီအတွက် လေကြောင်း ကာကွယ်ရေးစနစ် အဆင့်မြှင့်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

တူရကီအနေနဲ့ ကိုယ်ပိုင် လိုအပ်ချက်တွေ ပြည့်စုံအောင် လုပ်ဆောင်သွားမှာ ဖြစ်သလို ကမ္ဘာကြီးကိုလည်း မိမိတို့ရဲ့ နည်းပညာနဲ့ ဦးဆောင်သွားမယ်လို့ အာဒိုဂန်က ပြောပါတယ်။

၁၉၇၄ ခုနှစ်က ဆိုက်ပရပ်စ်ကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ အမေရိကန်က တူရကီအပေါ် လက်နက်ပိတ်ဆို့ထားပြီး နောက်ပိုင်း တူရကီက သူတို့ရဲ့ ကာကွယ်ရေးလုပ်ငန်း နယ်ပယ်မှာ ရင်းနီးမြှုပ်နှံမှု အများကြီး ပြုလုပ်ထားသလို လက်နက်တွေ ကိုယ်တိုင် လုံလုံလောက်လောက် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.