သရက်ချောင်း၊ သြဂုတ် ၅

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၃ ခြေလျင်တပ်ရင်းက တပ်သားနှစ်ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဝင်းဝတပ်စခန်းမှာ တာဝန်ကျနေတဲ့ တပ်သားမင်းစိုးနဲ့ တပ်သားဇော်ဇော်တို့ဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၂) ထံ လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အရင်က KNU ထံ ဘက်ပြောင်းခိုလှုံခဲ့တဲ့ တပ်သား ကျော်ကျော်ရဲ့ ချိတ်ဆက်မှုအကူညီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ခွဲ(၂)ထံ ဘက်ပြောင်းခိုလှုံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံခဲ့တဲ့ တပ်သား နှစ်ဦးကို KNLA တပ်ရင်း(၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးက တစ်ဦးလျှင် ကျပ်ငွေ သိန်း ၄၀ စီ၊ ဘက်ပြောင်းခိုလှုံဖို့ ကူညီဆက်သွယ်ပေးတဲ့ တပ်သား ကျော်ကျော်ကို ကျပ်သိန်း ၂၀ ချီးမြှင့်ဂုဏ်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကလည်း မြိတ်ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ အမှတ် ၄၀၃ ခြေ လျင်တပ်ရင်းက တပ်သားတစ်ဦး KNLA တပ်မဟာ ၄ ထံ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.