မော်လမြိုင်၊ ဩဂုတ် ၅

မွန်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ယာယီ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့ငွေပေးတယ်ဆိုပြီး စစ်ကော်မရှင်က ဝါဒဖြန့်ပြောဆိုနေပေမယ့် လက်တွေ့ မြေပြင်မှာ ငွေကြေး တစ်စုံတရာ မရသူတွေ ရှိသလို အပြည့်အဝမရတဲ့သူလည်း ရှိတယ်လို့ စစ်ဘေး‌ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဩဂုတ် ၃ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ယာယီ နေရပ်စွန့်ခွာသူတွေအတွက် စစ်ကောင်စီရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ရန်ပုံငွေမှ ထောက်ပံ့ငွေ တတိယအကြိမ် ပေးအပ်ပွဲကို ပြုလုပ်ခဲ့တာပါ။

အဲဒီ ပေးအပ်ပွဲမှာ စစ်ကော်မရှင်ခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လာရောက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာတဲ့ စစ်ဘေးရှောင် ၁၉၀၀၀ ကျော် အတွက် တစ်ဦးကို ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ၃ လစာ ကျပ်သန်းပေါင်း ၁၂၀၀ နီးပါးကို ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒေသတွင်း စစ်ဘေးရှောင် တစ်ဦးကတော့ လက်ရှိ ရွာတွေမှာ အားလုံး ပြန်မနေရဲသေးတာကြောင့် ရှိတဲ့သူရှိ မရှိတဲ့သူ မရှိဖြစ်နေပြီး စစ်ကော်မရှင်က ထောက်ပံ့ကြေး ပေးတယ် ဆိုတာ မကြားရသေးသလို မရလည်း မရသေးဘူးလို့ ပြောပါတယ်။

“ရွာမှာကျတော့ ဒီလို ပုံစံပဲလေ၊ ပုံမှန်ပဲ၊ ဟိုမှာ အားလုံးကတော့ မနေကြဘူးလေ၊ ဟိုမှာ ရှိတဲ့လူရှိ မရှိတဲ့လူ မရှိ ဖြစ်နေတာ။ အခုလော‌လောဆယ် (ထောက်ပံ့ကြေး ပေးတယ် ဆိုတာ) မကြားဘူး ဒီဘက်ခြမ်း၊ အခုကျတော့ (ထောက်ပံ့ကြေး) မရသေးဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် စစ်ကော်မရှင်က ထောက်ပံ့ငွေ ပေးတယ်လို့ ပြောနေပေမယ့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားတာ မရှိသလို လက်ရှိ အချိန်ထိ တစ်ရွာလုံး တစ်ယောက်မှ မရကြသေးဘူးလို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် ဒေသတွင်း စစ်ဘေးရှောင် တစ်ဦးကလည်း လက်ရှိ နေစရာ မရှိတာကြောင့် စစ်ဘေးရှောင်တွေဟာ ရွာထဲမှာပဲ ပြန်လည် နေထိုင် နေကြရပြီး စစ်ကော်မရှင်က ၃ လစာ ထောက်ပံ့တယ်လို့ ပြောပေမယ့် မြေပြင်မှာ ကျပ်နှစ်သောင်းပဲ ရတယ်လို့ ပြောပါတယ်။

“ရွာထဲမှာ ပြန်နေကြပြီ၊ ဘာကြောင့် နေစရာ နေရာမှ မရှိတော့တာ ဆိုတော့၊ ရေလည်း တော်တော် ကြီးနေပြီး တစ်ဝက်ရောက်နေပြီး၊ တဲအိမ် ဆောက်ထားတာ ရေမြုပ်၊ နေစရာမရှိ ဘုန်းကြီး ကျောင်းမှာ လိုက်နေရတယ်၊ ကျွန်တော်တို့က တစ်ယောက် နှစ်သောင်းပဲရတယ်” လို့ ဆိုပါတယ်။

လက်ရှိ ထောက်ပံ့ငွေတွေကိုတော့ စစ်ကော်မရှင် လက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက သူတို့နဲ့ ဆွေမျိုးနီးစပ်တော်သူတွေကို အဓိကအပြည့်အဝ ပေးတာ ဖြစ်ပြီး တခြား စစ်ဘေးရှောင်တွေကိုတော့ သူတို့ ပေးချင်သလောက်သာ ပေးတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ထောက်ပံ့ငွေ ပေးတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ယာယီ နေရပ်စွန်ခွာရတဲ့ စစ်ဘေးရှောင် တစ်ဦးကို တစ်လ ကျပ် နှစ်သောင်း ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေပြည်တော်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပြီးနောက် အခုလို ထောက်ပံ့ငွေ ပေးအပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုနဲ့ လက်နက်ကိုင် သောင်းကျန်းမှုကြောင့် ပြည်သူတွေရဲ့ ဆုံးရှုံးမှုဟာ သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်နဲ့ အကျုံးဝင်တာကြောင့် အခုလို ထောက်ပံ့ရတာ ဖြစ်ပြီး ထောက် ပံ့မှုတွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာတော့ စစ်တပ်နဲ့ နှစ်ဖက် အပြန်အလှန် မကြာခဏ ဆိုသလို ပစ်ခတ်မှုတွေ ရှိနေတာကြောင့် စစ်ဘေးရှောင် သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.