နေပြည်တော်၊ ဇူလိုင် ၅

ဒီနှစ်ကုန် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မည်သူမဆို လိမ်လည်တိုင်တန်းရင် ထောင် ဒဏ်နဲ့ငွေဒဏ် ချမှတ်မယ့် ပုဒ်မကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ရဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ ထည့်သွင်းထားပါတယ်။

စစ်ကောင်စီ ဥက္ကဌဖြစ်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားကာ ကွယ်ရေးနဲ့ လုံခြုံ‌ရေးကောင်စီထံ အာဏာသုံးရပ်ကို မလွှဲအပ်မီ ရက်ပိုင်းအလိုမှာ လွှတ်‌တော်ဆိုင် ရာရွေးကောက်ပွဲဥပဒေတွေကို ဆဌမအကြိမ် ပြင်ဆင်တဲ့ဥပဒေအဖြစ် ပြဌာန်းခဲ့တာပါ။

အဲဒီဥပဒေတွေမှာ အစားထိုးထားတဲ့ ပုဒ်မ ၆၄ (က) ဟာ ဘယ်သူမဆို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လိမ်လည်စွပ်စွဲတိုင်တန်းကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် အဲဒီလူကို သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ကျပ်သုံးသိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ပုဒ်မ ၆၄ (ခ) မှာတော့ ဘယ်သူမဆို အီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးရာမှာ စက်ကနေ ပြသတဲ့ ဆန္ဒမဲဖြတ်ပိုင်းမှာ မိမိမဲပေးထားတဲ့ သူရဲ့ အမည်နဲ့ အမှတ်အသားမဟုတ်ဘဲ တခြားသူရဲ့ အမည်နဲ့ အမှတ်အသားကို မှားယွင်းဖော်ပြတယ်လို့ မမှန်မကန် တိုင်တန်းကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် အလားတူ ပြစ်ဒဏ် ချမှတ်မယ်လို့ ပြဌာန်းထားတာပါ။

တစ်ဘက်မှာ မဲဆန္ဒနယ်တစ်နယ်အတွင်း ရွေးကောက်ပွဲမှာ လွှတ်တော်တစ်ရပ်အတွက် တစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးတာ ဒါမှမဟုတ် ရွေးကောက်ပွဲတွေကို တချိန်တည်း ကျင်းပစဉ် တစ်နယ်ထက်ပိုတဲ့ မဲဆန္ဒနယ်တွေအတွက် ဆန္ဒမဲပေးရင် တရားမဲ့ပြုကျင့်မှုအဖြစ် သတ်မှတ်ထားပါတယ်။

ဒီအချက်ကိုတော့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲဥပဒေနှစ်ရပ်လုံးမှာ ပြဌာန်းထားတဲ့ ပုဒ်မ ၆၆ (ခ) အရ အစားထိုးထားတာ တွေ့ရပါတယ်။

မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်တဲ့ အသိပညာတွေ အကျိုးအကြောင်းတွေကို မဲဆန္ဒရှင်ပြည်သူတွေအပါအဝင် ပါတီဝင်တွေကို နားလည်အောင် လုပ်ဖို့ပဲ ရှိမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကိုယ့်ရဲ့ မဲပေးသူတွေရော ကိုယ့်ပါတီထဲမှာရော အစီအစဉ်တော့ ရှိတာပေါ့။ သင်တန်းပေးရမယ်။ အသိပညာပေးရမယ်။ ဒါတွေ ဒါတွေ ရှိတယ်ဆိုတဲ့ဟာပေါ့။ အဲဒါတွေက ကျွန်တော်တို့က လုပ်ပေးရမှာပေါ့။ (ဥပဒေရဲ့ သက်ရောက်မှု) အကျိုးအကြောင်းတွေ ပြည်သူတွေ နားလည်အောင် နိုင်သ လောက်လေးပေါ့။ အားလုံးမရတဲ့တိုင်အောင် မီသလောက်တော့ ပညာပေးရမယ့်သဘောရှိတာပေါ့။ ဒါပြဌာန်းပြီးပြီဆိုတော့ ဒီအပေါ်မှာ ကျွန်တော်တို့ ပြန်လည် စောဒကတက်ဖို့ကျတော့ ပါတီငယ်ငယ်လေးတွေက သိပ်မလွယ်လောက်ဘူးထင်တယ်၊ ဒီအတိုင်းပဲ ကိုယ့်လူပဲ ကိုယ်ပြင်ရမှာပေါ့”လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ပညာအရည်အချင်းကိုတော့ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူလို့ လွှတ်တော်သုံးရပ်မှာ ဖော်ပြထားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခြင်း ကျရှုံးခြင်းနဲ့ မသတ်မှတ်ထားပါဘူး။

ရွေးကောက်ပွဲစနစ်ကို တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်မှာ မဲများသူအကုန်ယူ FPTP စနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ကျင့်သုံးပြီး မြို့နယ်အလိုက် မဲဆန္ဒနယ်တွေ သတ်မှတ်ပေးရမယ်လို့ အစားထိုးထားတာပါ။

ဒါ့အပြင် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်‌ ရွေးကောက်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်စီ သတ် မှတ်ရမယ်လို့ ဖော်ပြပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒါမှမဟုတ် ဒေသမပါတဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေအတွက် မဲဆန္ဒနယ်တစ်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီနဲ့ ခြောက်ဦးကို မဲများသူအကုန်ယူစနစ်နဲ့ ကျင့်သုံးသွားမှာပါ။

အဲဒီလွှတ်တော်မှာပဲ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာ ကျန်ကိုယ်စားလှယ်ခြောက်ဦးကိုတော့ အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်တင်မြှောက်နိုင်ဖို့ မဲဆန္ဒနယ်တွေကို သတ်မှတ်ပေးရမယ်လို့ ဥပဒေမှာ အစားထိုးထားပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ မဲဆန္ဒနယ်မြေသတ်မှတ်တာအပါအဝင် ရွေးကောက်ပွဲကျင့်သုံးမယ့် စနစ်နဲ့ ပတ်သက်ပြီး ပြင်ဆင်အစားထိုးထားတာ မရှိပါဘူး။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မီဒီယာတွေကတဆင့် ဟောပြောစည်းရုံးရမယ်လို့ လွှတ်တော်သုံးရပ်မှာ ဖြည့်စွက်ထားတာပါ။

ဒီအပေါ် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အပါအဝင် ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်နဲ့ ရေးသားခွင့်တွေကို တင်းကြပ်ထားပြီး ဆိုရှယ်မီဒီယာတွေကို ထိန်းချုပ်ထားနိုင်တာကြောင့် ပါတီတွေအနေနဲ့ မူဝါဒပိုင်း ပြောဆိုရေးသားတဲ့နေရာမှာ အကျပ်တွေ့နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.