ပုလော၊ ဩဂုတ် ၅
တနင်္သာရီတိုင်း ပလမြို့ပေါ်မှာ မြန်မာစစ်တပ်က မြို့ခံပြည်သူ အရပ်သား လေးဦးကို အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့က ပလမြို့တိုက်ပွဲကြောင့် နေအိမ်မှာ အိမ်စောင့်အဖြစ် ကျန်နေတဲ့ ဒေ သခံ လေးဦးကို မြန်မာစစ်တပ်က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မြို့ခံတွေဖြစ်တဲ့ ဦးအောင်ဦး၊ ဦးမဲပြာ၊ ဦးစိုးလင်းနဲ့ ဒေါ်သီဝင်းတို့ဖြစ်ပြီး သူတို့နေထိုင်ရာ မြေနီကုန်းရပ်ကွက်မှာပဲ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သြဂုတ် ၄ ရက်နေ့အထိ ရုပ်အလောင်း နှစ်လောင်းသာ ကောက်ယူနိုင်သေးတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ကလည်း ပလရဲစခန်းတိုက်ပွဲအတွင်း မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးကြောင့် သိမ်ဝဘုန်းကြီးကျောင်းက သံဃာတော် နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး နေအိမ် ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပလတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးထားပြီး မြို့ခံထက်ဝက်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

