ဝါရှင်တန်၊ မေ ၂
နေအိမ်အကျယ်ချုပ် ပြောင်းလဲ ချထားတယ်လို့ စစ်ခေါင်းဆောင် ပြောဆိုထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။
ဖျက်သိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အကြီးတန်း အရာရှိ တစ်ဦးက သူ့ကို နေပြည်တော်ရှိ အိမ်တစ်အိမ်မှာ ထိန်းသိမ်းထားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စွဲချက်တွေ အများကြီးနဲ့ သူ့ကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စွဲချက်တွေဟာ နိုင်ငံရေးနဲ့ သက်ဆိုင်နေပြီး သူ့ကို ဘေးဖယ်ထုတ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် သေဆုံးသူ ထောင်ပေါင်းများစွာ ရှိပြီး လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ နိုင်ငံမှာ လူပေါင်းသန်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပါတယ်။
အသက် ၈၀ ရှိနေပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ လူထု ထောက်ခံမှု အများကြီး ရှိနေဆဲ ဖြစ်ပေမယ့် ကျန်းမာရေး ဆုတ်ယုတ်လာနေတယ်လို့ သူ့ရဲ့ မိသားစုက သတိပေးထားချိန်မှာ ပြင်ပ လောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်တောက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ မိမိတို့ ဆက်လက် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဆုတ်ယုတ်လာတယ်လို့ ကြားသိထားရတာကြောင့် သူ့ကို ကျန်းမာရေး စောင့်ရှောက်မှု အသေအချာ ပေးဖို့ စစ်ခေါင်းဆောင်တွေကို မိမိတို့ တိုက်တွန်းကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။
မင်းအောင်လှိုင်ရဲ့ ရုံးကနေ ကာကီ ရှပ်အင်္ကျီ ဝတ်ထားသူ တစ်ယောက်၊ ရဲဝတ်စုံ ဝတ်ထားသူ တစ်ယောက်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတဲ့ ဓာတ်ပုံ တစ်ပုံကို ဧပြီ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ ဓာတ်ပုံကို စစ်တပ် လော်ဘီတွေက ထပ်ဆင့် ဖော်ပြရာမှာ ဓာတ်ပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနေတာဟာ စုစုပေါင်း သုံးယောက် ဖြစ်နေတာ တွေ့ရပါတယ်။
တတိယမြောက် မြင်တွေ့ရသူကတော့ အရပ်ဝတ် ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ ရဲဝတ်စုံ ဝတ်ဆင်ထားသူရဲ့ လက်မှာ လက်ပတ် နာရီ တပ်ထားတာကို ပထမပုံမှာ တွေ့ရပေမယ့် ဒုတိယပုံမှာ လက်ပတ်နာရီ တပ်ဆင်ထားတာ မတွေ့ရတဲ့အပေါ် ထောက်ပြ ဝေဖန်မှုတွေ အများကြီး ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်တဲ့ စွဲချက်တွေ အများကြီးနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို စစ်တပ်က နှစ်ကြိမ်တိုင် လျှော့ပေါ့ပေးခဲ့ပေမယ့် ထောင်ဒဏ် ၁၈ နှစ် ကျန်ရှိနေပါသေးတယ်။
သူ့ကို နေအိမ် အကျယ်ချုပ် ပြောင်းလဲချထားလိုက်ပြီဆိုပြီး ဓာတ်ပုံတစ်ပုံလောက်ကိုပဲ ဖော်ပြတဲ့အပေါ် သူ့ရဲ့ ထောက်ခံသူတွေက ပြစ်တင် ဝေဖန်နေကြပြီး သက်ရှိ ထင်ရှားရှိနေသေးကြောင်း သက်သေ ပြပေးဖို့ တောင်းဆိုနေကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတ ရာထူးကို ရယူပြီး နောက်ပိုင်း နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့ အသည်းအသန် ကြိုးပမ်းနေပြီး အကျဉ်းသားတွေကို မကြာခဏ လွှတ်ပေးနေပါတယ်။
ဒါဟာ ကစားကွက်အဟောင်းနဲ့ ပြန်ကစားတာ ဖြစ်ပြီး နိုင်ငံတကာကို လှည့်စားဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ လေ့လာစောင့်ကြည်သူတွေက ပြောပါတယ်။
Ref:RTE

