အစ္စတန်ဘူလ် မေ ၂

အစ္စတန်ဘူလ်မြို့မှာ မေဒေးနေ့(မေလ ၁ရက်) လူထု ဆန္ဒပြပွဲကို တူရကီ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြုဖြိုခွင်းပြီး လူ ၅၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

အတိတ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ အတော်များများ ဖြစ်ပွားခဲ့ရာ တက္ကစင် ရင်ပြင်သို့ ချီတက်ဖို့ ကြိးစားသူ အတော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက ဆန္ဒပြပွဲတွေကို တားမြစ်ထားတဲ့ အဲဒီ ရင်ပြင်ကို ရဲတပ်ဖွဲ့က ဧပြီ ၃၀ ရက် ညကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

တူရကီမှာ နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတွေ အများကြီးမှာလိုပဲ အလုပ်သမားတွေနဲ့သမဂ္ဂတွေ ဦးဆောင်ပြီး ချီတက်ပွဲတွေ ကျင်းပလေ့ရှိတာကြောင့် မေ ၁ ရက်နေ့ ရောက်တိုင်း ရဲတပ်ဖွဲ့ အင်အား တိုးမြှင့်ချထားလေ့ရှိပါတယ်။

CHD ရှေ့နေ အဖွဲ့က ဆန္ဒပြသူ ၅၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

အန်ကာရာမြို့မှာ အဖွဲ့အစည်း အများကြီးဟာ တန်ဒိုဂန် ရင်ပြင်မှာ စုဝေးခဲ့ကြပါတယ်။

ကာဒီကော့ဗ်မြို့နဲ့ ကာတဲလ်မြို့တို့မှာ လူထု စုဝေးမှုတွေကို အုပ်ချုပ်ရေးမှူး ရုံးက ခွင့်ပြုခဲ့တာကြောင့် အောင်ပွဲခံမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဇ်မာမြို့မှာ မေဒေးနေ့ ပွဲတွေကို ဂန်ဒိုဂူရင်ပြင်မှာ ပြုလုပ်ခဲ့ကြပြီး ဒီယာဘာကာမြို့မှာတော့ အစ္စတာဆယွန် ရင်ပြင်မှာ ပြုလုပ်ခဲ့ကြပါတယ်။

မေ ၁ ရက် မနက်ပိုင်းကတည်းက အဲဒီ ရင်ပြင် နှစ်ခုစလုံးရဲ့ အဝင်ဝတွေမှာ လုံခြုံရေး စစ်ဆေးမှုတွေ အရှိန်မြှင့် ပြုလုပ်ခဲ့ပါတယ်။

ဘာဆာမြို့ကနေ ကိုရမ်မြို့အထိ မြို့တွေ အများကြီးမှာ ကုန်သွယ်ရေး သမဂ္ဂတွေ ဦးဆောင်ပြီး လူထု စုဝေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့ မီစီဒီယေကော့ဗ် ဒေသမှာ စုဝေးလာသူတွေကို ရဲတပ်ဖွဲ့က ပတ်ဝိုင်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။

တူရကီ အလုပ်သမား ပါတီ ဥက္ကဋ္ဌ အာကန် ဘတ်စ်လည်း အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ တားဆီးထားတာကို ချိုးဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြတာကြောင့် မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွင်းခံခဲ့ရပါတယ်။

တက္ကဆင် ရင်ပြင်သို့ သွားရောက်ခွင့်ကို ပိတ်ပင်ထားတာဟာ တရားမဝင်ဘဲ ချက်ချင်း ဖွင့်ပေးဖို့ ပါတီဥက္ကဌ ဘတ်စ်က ကြေညာချက် တစ်ရပ်မှာ တောင်းဆိုခဲ့ပါတယ်။

တူရကီ သမ္မတ တေယက် အာဒိုဂန်က မိမိတို့ရဲ့ ညီအစ်ကို မောင်နှမ အလုပ်သမားတွေကို ချီးကျူးကြောင်း လူမှုမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။

မိမိအနေနဲ့ အလုပ်သမားအားလုံး နိုင်ငံတဝှမ်းရှိ အလုပ်ရှင်အားလုံးကို နှုတ်ခွန်း ဆက်သကြောင်းလည်း အာဒိုဂန်က လူမှု မီဒီယာမှာ ရေးသားဖော်ပြပါတယ်။

လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အာခံတဲ့အတွက်ကြောင့် နှိမ်နှင်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း တူရကီ ရဲတပ်ဖွဲ့က ပြောပါတယ်။

မေ ၁ ရက် ညနေ ၆ နာရီအထိ ဖမ်းဆီးခံထားရသူ ၅၇၅ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားပြီး လုံခြုံရေး အစီအစဉ်တွေကို မလိုက်နာတဲ့အတွက် ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

အကြမ်းဖက် နှိမ်နှင်းရေး ဝတ်စုံ အပြည့်ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အစ္စတန်ဘူလ်မြို့ အလယ်ပိုင်း ရပ်ကွက်တွေဆီ ဆန္ဒပြသူတွေ ဝင်လို့မရအောင် ပိတ်ဆို့ထားခဲ့ကြပါတယ်။

တူရကီမှာ ပြီးခဲ့တဲ့နှစ်က မေ ၁ ရက် ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်ကလည်း လူ ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

တူရကီမှာ ငွေဖောင်းပွမှုနှုန်း ၃၀ ရာခိုင်နှုန်းရှိကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပေမယ့် အမှန်တကယ် ငွေဖောင်းပွမှုနှုန်းဟာ ၄၀ ရာခိုင်နှုန်းကျော်ရှိကြောင်း လေ့လာသူတွေက ပြောထားပါတယ်။

Ref:BBC/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.