နေပြည်တော် ၊ ဇွန် ၁၉

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဗီဒီယို‌ပေါင်း သောင်းနဲ့ချီတဲ့ ဆုတောင်းစကားတွေ Facebook လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာနေပါတယ်။

Suu 80 Birthday Campaign ကနေ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ပိုမိုရရှိစေရေး ဂင်းနစ်စံချိန်ချိုးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်းဗီဒီယိုဟာ သတ်မှတ်အရေအ တွက် ရှစ်သောင်းအထိရရှိထားပြီလို့ ဇွန် ၁၈ ရက်နေ့မှာ အသိပေးလာတာပါ။

တစ်ချိန်တည်းမှာပဲ လူထုခေါင်းဆောင်ရဲ့ မွေးနေ့မတိုင်ခင် တစ်ရက်အလိုမှာ The Guardian သ တင်းဌာနကနေ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့အတူ ဒေါ် အောင်ဆန်းစုကြည်ရဲ့ တရားခွင် ဗီဒီယိုမှတ်တမ်းကို အချိန်ကိုက် ဖော်ပြလာပါတယ်။

အဲဒီမှတ်တမ်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ တစ်ဘက်သတ် အရေးယူစွဲဆိုခဲ့တဲ့ ပုဒ်မတွေကို တရားရေးအရ အမှုရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်နဲ့ ဒီဇင်ဘာလအတွင်း တရားခွင် မှတ်တမ်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေတွေအပါအဝင် ထောင်တွင်းနေ့စဉ်ဖြတ်သန်းမှုတွေကိုလည်း လန်ဒန်အခြေစိုက် The Guardian က ရရှိထားတဲ့ CCTV မှတ်တမ်းတွေအရ ဖော်ပြထားတာပါ။

ဒီနှစ်ကုန်ပိုင်းအတွင်း စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် သမ္မတအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာနိုင်မလားဆိုတဲ့ ကောက်ရိုးတမျှင် မျှော်လင့်ချက်တွေလည်း ရှိနေကြတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တာဝန်ရှိသူတစ်ဦးက နိုင်ငံတ ကာဖိအားနဲ့ ပြည်တွင်းဖိအားတွေ အရမ်းများလာတဲ့ အခြေအနေမှာ အပေးအယူလုပ်ဖို့ လွှတ်နိုင်ပေမယ့် စစ်အုပ်စုရဲ့ စိတ်စေတနာအရ လုံးဝလွှတ်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဘယ်လိုအခြေအနေမျိုးတွေမှာ လွတ်လာနိုင်လဲဆိုရင် နိုင်ငံတကာဖိအားတွေ ပြည်တွင်းဖိအားတွေ အရမ်းများလာပြီးတော့ သူတို့ထွက်ပေါက်တစ်ခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ ဦးဝင်းမြင့်တို့ နိုင်ငံရေးအကျဉ်းသားတချို့ကိုတော့ ဓားစာခံအနေနဲ့ ပြန်ပေးဆွဲသလိုမျိုး လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာနဲ့ အပေးအယူလုပ်တဲ့ဟာမျိုးတွေမှာတော့ ဖြစ်နိုင်တယ်။ဒါပေမယ့် သူတို့ရဲ့ စိတ်စေတနာအရ လုံးဝလွှတ်ပေးမယ့် အခြေအနေမျိုး လုံးဝမရှိပါဘူး” လို့ ဆိုပါတယ်။

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အချုပ်အနှောင်ကနေ လွတ်မြောက်ရေးဟာ စစ်အုပ်စုပြုတ်ကျပြီး တော်လှန်ရေးအောင်နိုင်မှသာ ဖြစ်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးကာ နိုင်ငံ့အာ ဏာသိမ်းယူချိန်ကစပြီး ဒီကနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေအနေအရပ်ရပ်နဲ့ ကင်းကွာခဲ့ရပါတယ်။

NLD အစိုးရလက်ထက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၉ မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားပြီး နေပြည်တော်အချုပ် ထောင်အတွင်း ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊လွှတ်တော်ကိုယ်စားပြုကော်မတီတွေကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ဇွန် ၁၇ ရက်နေ့က ပူးတွဲသဘောထားထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံနဲ့ နိုင်ငံသားတွေဟာ အထွေထွေအကျပ်အတည်းတွေကို အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး ပြည်ထောင်စုရဲ့ အနာဂတ်မှာလည်း မရေရာ၊ မသေချာမှုတွေနဲ့ အလွန်စိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှင်သန်ရေး၊ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်း သားခေါင်းဆောင်တွေအပါအဝင် သက်ဆိုင်သူတွေအားလုံး သဘောတူတဲ့ နိုင်ငံရေးအခင်းအကျင်းကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် လက်ရှိ အခြေအနေတွေကနေ နိုင်ငံရေးအခင်းအကျင်းတွေကို ဖော်ဆောင်နိုင်ဖို့ အခြေခံကျဆုံးဖြစ်တဲ့ ပြည်သူလူထု လေးစားယုံကြည် ကိုးစားမှုရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတာပါ။

AAPP ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ တိုင်းပြည်အခြေအနေကောင်းလာဖို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့လိုသလို စစ်အုပ်စုကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်မှသာ စစ်အာဏာရှင်စနစ်ကနေ ချုပ်ငြိမ်းနိုင်မယ်လို့ ထောက်ပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးရုံနဲ့တော့ တိုင်းပြည်ဟာ ကောင်းလာမှာမဟုတ်ဘူး။တ ကယ် ရွေးကောက်ပွဲလုပ်မယ် တိုင်းပြည်တကယ်ကောင်းဖို့ ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့လိုတယ်။ လက်ရှိ စစ်အုပ်စုက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို လုံးဝရပ်တန့်ဖို့ လိုအပ်တယ်။ ပြီးတဲ့အခါ ကျွန်တော်တို့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အကြမ်းဖက်မှုတွေကို အပြစ်ပေးအရေးယူမှုတွေ လုပ်ရမယ်။ဒီဟာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူက တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိဖို့ လိုအပ်တယ်။ဒါမှ တိုင်း ပြည်က စစ်အာဏာရှင်စနစ်ကနေ ချုပ်ငြိမ်းတဲ့ ကျွန်တော်တို့လိုချင်တဲ့ အနာဂတ်ဖက်ဒရယ်နိုင်ငံ တော်သစ်ကို ရရှိမှာဖြစ်တယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်အာဏာရှင်စနစ်ကို လမ်းမပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ လက်နက်ကိုင်တိုက်ပွဲတွေအထိ နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်ပြီး တော်လှန်ရေးဆင်နွှဲနေကြတာပါ။

အဲဒီထဲမှာ အခြေခံကျတဲ့ ပြည်သူလူထုအပါအဝင် အလုပ်သမားတွေ CDM ပြုလုပ်ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ကျောင်းသားကျောင်းသူတွေ လူငယ်တွေ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ERO တွေအထိ အလွှာပေါင်းစုံ ပါဝင်ကြပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဟာ အုပ်ချုပ်သူအပြောင်းအလဲ မဟုတ်တဲ့ စနစ်အပြောင်းအလဲကို ဦးတည်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်သွေးချွေးပေါင်းများစွာ စတေးပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအတွင်း နိုင်ငံတဝန်းက ပြည်သူ ၆၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း ၂၉၂၀၀ ကျော်ထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ တစ်သောင်းကျော်အထိ ရှိလာပြီလို့ AAPP ရဲ့ စာရင်းတွေကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP/Su 80 Campain

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.