အမ်း၊ ဧပြီ ၄

ရခိုင်ပြည်နယ် အမ်းမြို့နဲ့မင်းပြားမြို့နယ်တို့ကနေ ထွက်ပြေးလာတဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway က ဧပြီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မင်းပြားအခြေစိုက် အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးလာတဲ့ ခလရ ၆၃ လက်အောက်ခံ စစ်ကောင်စီတပ်သား ၂ ဦးကို မတ် ၂ ရက်နေ့မှာ အရင်ဆုံးဖမ်းဆီးရမိခဲ့တာပါ။

အဲဒီနောက် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထွက်ပြေးလာတဲ့ ခမရ ၃၄၆ လက်အောက်ခံ တပ်သား ၄ ဦးကို ဧပြီ ၁ ရက်နေ့မှာ ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

PRA Magway စစ်ဦးစီးချုပ် နောင်သူရိန်ကတော့ စစ်ကောင်စီတပ်က ထွက်ပြေးတာမျိုးမဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်လာရင်တော့ သူတို့ကို ဝမ်းပန်းတသာ ကြိုဆိုမယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသလို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မူတည်ကာ အရေး ယူဖို့ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေရှ်နဲ့ အိန္ဒိယနိုင်ငံတွေထဲ အစုအလိုက်အပြုံအလိုက် ထွက်ပြေးတာနဲ့ လက်နက်ချအညံ့တာတွေ ရှိနေတာပါ။

ရက္ခိုင့်တပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်မြို့အပါအဝင် မြို့ ၉ မြို့အထိ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PRA Magway

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.