ဘီးလင်း၊ ဧပြီ ၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာမှာ မနေ့ ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က အုပ်ချုပ်ရေးမှူးရုံးအကူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။
အုပ်ချုပ်ရေးမှူးရုံးအကူ ဦးကျော်ကျော်ကို KRF နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းတပ်ဖွဲ့တွေက တောင်စွန်းကျေးရွာ ဦးစန်းမောင်ဆီဆိုင်အရှေ့မှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးရုံးအကူ ဦးကျော်ကျော်ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီရဲတပ်ဖွဲ့တွေ လာရောက်ကောက်ယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီသတင်းပေးအမာခံ ဦးကျော်ကျော်ဟာ စစ်ကောင်စီယန္တရားလည်ပတ်ဖို့ တောင်စွန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးထက် အရေးပါအရာရောက်သူဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ KRF က ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးကျော်ကျော်ဟာ တောင်စွန်းကျေးရွာမှာ စစ်မှုထမ်းဖို့ စာရင်းလိုက်လံကောက်ယူတာနဲ့ စစ်ကောင်စီအတွက် သတင်းစုံစမ်းပေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။
KRF ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်မှာ စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမြအေးကို နေအိမ်မှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

