ထီးလင်းက အိမ်ခြေ ၃၀၀ နီးပါးကို စစ်တပ်မီးရှို့ဖျက်ဆီး 

0
24

ထီးလင်း၊ဧပြီ ၄

မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာမီးရှို့ခံရမှုအတွင်း ပြည်သူပိုင်နေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေဟာ နေအိမ် ၅ လုံးကို စတင် မီးရှို့ရာကနေ မီးကူးပြီး ၃၀၀ နီးပါးအထိမီးလောင်ကျွမ်းခဲ့ရတာပါ။

ကျောကပစထဲက ထွက်လာတဲ့ အင်အား ၇၀ ပါ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

YRA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကတော့ ရွာရဲ့မြောက်ခြမ်းတခြမ်းလုံး မီးကျွမ်းသွားပြီလို့ ကနဦး အတည်ပြုနိုင်ပြီး အကြမ်းဖျင်းအိမ်ခြေ ၂၀၀ ကျော် ၃၀၀ နီးပါး ပြာကျသွားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ဒါ့အပြင် မီးထဲမှာ ပိတ်မိနေတဲ့ ပြည်သူနှစ်ဦးကိုလည်း ဘေးလွတ်ရာကို ကယ်တင်ပေးနိုင်ခဲ့ တယ်လို့ အသိပေးထားပါတယ်။

ရေမျက်နီကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဒေသခံအများစုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တည်း က စစ်ဘေးရှောင်နေကြတာပါ။

ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ပတ်ဝန်းကျင်ကျေးရွာတွေကို လည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ နိုင်ငံတကာနဲ့ အာဆီယံကို အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးတာမရှိ ဘူးလို့ လိမ်လည်ထားပါတယ်။

လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ISP – Myanmar မှာတော့ အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံမှာ မြို့နယ်ပေါး ၁၀၆ မြို့မှာ နေအိမ်နဲ့အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံထားရ တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YRA ပြန်ကြားရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.