စစ်အုပ်စုရဲ့ စစ်သားစုဆောင်းမှုကို ထောက်ခံအားပေးတာမလုပ်ဖို့ KNU သတိပေး

0
35

ဖာပွန် ၊ မတ် ၃

KNU ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး စစ်ကောင်စီခေါ်ယူစုဆောင်းမယ့် တပ်သားတွေထဲကို ထောက်ခံအားပေး ဝင်ရောက်တာတွေ လုံးဝမပြုလုပ်ဖို့ KNU တပ်မဟာ ၅ ဖာပွန်ခရိုင်က မတ် ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်အုပ်စုဟာ တိုင်းပြည်အာဏာကို အတင်းအဓမ္မလုယူပြီးနောက် ပြည်တွင်းစစ်ကို သက်ဆိုးရှည် စေဖို့ ဖန်တီးနေပြီး ပြည်တွင်းစစ်တိုက်ပွဲအတွင်း သူတို့တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိမှုနဲ့ ထွက်ပြေး လက် နက်ချ ဘက်ပြောင်းခိုလှုံမှုတွေကြောင့် တပ်အင်အားလျော့နည်းချိနဲ့လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။

ဒီလို အင်အားလျော့နည်းချိနဲ့လာတဲ့ တပ်ကို ပြန်လည်ဖြည့်ဆည်းဖို့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက် သွင်းပြီး တပ်အင်အားကိုပြန်လည်ဖြည့်ဆည်းဖို့အတွက် အဓမ္မနည်းလမ်းနဲ့ ပြည်သူလူထုကို အတင်းအဓမ္မခေါ် ယူကာ စစ်တိုက်ခိုင်းတော့မှာဖြစ်တယ်လို့ KNU တပ်မဟာ ၅ က ဆိုပါတယ်။

ဒါကြောင့် ဖာပွန်ခရိုင်ဒေသအတွင်းရှိ ကျေးရွာ၊ မြို့နေ ပြည်သူလူထုအားလုံး စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေ ရဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ဖို့၊ မြို့နေပြည်သူတွေအနေနဲ့ အတင်းအကြပ် ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်လာ ရပါက နီးစပ်ရွာကျေးရွာတွေထဲကို ထွက်ပြေးတိမ်းရှောင်ဝင်ရောက်ခိုလှုံဖို့ ထုတ်ပြန်ထားတာပါ။

ဝင်ရောက်ခိုလှုံတဲ့ကျေးရွာတွေမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ လမ်းညွှန်မှုနဲ့ ကူညီစောင့်ရှောက်မှုရရှိ ဖို့အတွက် အမည်စာရင်းအတိအကျတင်သွင်းဖို့၊ အခက်အခဲအကျပ်အတည်းဖြစ်လာပါက နီးစပ်ရာ ရှေ့တန်း ဒေသတာဝန်ရှိသူတွေထံ ချက်ချက်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

အခုထုတ်ပြန်ချက်ကိုသိရှိပြီး မလိုက်နာဘဲ စစ်အာဏာရှင်အုပ်စု စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ဆောင်ချက်အတိုင်း လိုက်နာပါက စစ်အာဏာရှင်အလိုကျ စစ်အာဏာရှင်အုပ်စုအဖွဲ့ဝင်လို့ သတ်မှတ်ခြင်းခံရမှာဖြစ်တယ်လို့ ထုတ် ပြန်ထားချက်အရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအဖွဲ့ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက် ထားပြီး ပြည်သူလူထုအနေနဲ့ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပေါ် ဆန့်ကျင်တိုက်ဖျက်တဲ့လုပ်ငန်း တွေမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.