အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချဆေး တရားဝင်ရောင်းတော့မယ်

0
71

ဝါရှင်တန် ၊ မတ် ၃

အမေရိကန်ဆေးဝါး ကုမ္ပဏီကြီးနှစ်ခုက mifepristone ကိုယ်ဝန်ဖျက်ချဆေးကို ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ အခုလကစတင်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မိမိတို့အနေနဲ့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုထားတဲ့ လက်တစ်ဆုပ်စာ ပြည်နယ်တွေမှာ လာမယ့် သီတင်းပိတ်ကစတင်ပြီး ကိုယ်ဝန်ဖျက်ချဆေးတွေ ရောင်းချပေးသွားမှာဖြစ်တယ်လို့ CVSနဲ့Walgreens ကုမ္ပဏီတွေက အသိပေးထားပါတယ်။

အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနက ဆေးကုမ္ပဏီတွေကို အဲဒီဆေးရောင်းချခွင့် ပြုခဲ့ပြီးနောက် အဲဒီကုမ္ပဏီတွေက ဆေးရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီဆေးတွေဟာ ၂၀၀၀ ခုနှစ်တည်းက အမေရိကန်မှာ တရားဝင်ဖြစ်နေပေမယ့် အရင်ကတော့ ဆေးရုံ၊ဆေးခန်းတွေမှာပဲ အသုံးပြုလို့ရတာဖြစ်ပြီး လက်ရှိမှာတော့ လူကိုယ်တိုင်ဆရာဝန်နဲ့ လာမတွေ့ဘဲ စာတိုက်က ဒါမှမဟုတ် တခြားဆက်သွယ်မှုနဲ့ ဝယ်ယူခွင့်ပြု မပြုကိုတော့ နိုင်ငံတော်တရားရုံးက ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ပါတယ်။

Walgreens ကုမ္ပဏီက နယူးယောက်၊ပန်ဆယ်ဗေးနီးယား၊မန်ဆာချူးဆက်၊ကယ်လီဖိုးနီးယားနဲ့ အီလီနွိုက်စ် ပြည်သူတွေကိုဖြန့်ချီသွားမှာဖြစ်ပြီး CVS ကုမ္ပဏီကတော့ မန်ဆာချူးဆက်နဲ့ ရိုဒီ ကျွန်းတို့မှာ စတင်ဖြန့်ဖြူးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ကန်ဆက်၊ဝိုင်ယိုမင်နဲ့ မွန်တားနား ပြည်နယ်တို့လို ကိုယ်ဝန်ဖျက်ချဖို့ ကန့်သတ်တားမြစ် ချက်တွေ ရှိနေတဲ့ ပြည်နယ်တွေမှာတော့ အခြေအနေတွေ စောင့်ကြည့်ကြည့်သွားဖို့ရှိတယ်လို့ အဲဒီ ကုမ္ပဏီနှစ်ခုက ပြောပါတယ်။

ဥပဒေအရ ခွင့်ပြုချက်မရှိတဲ့ ပြည်နယ်တွေမှာ ဆေးရောင်းချသွားမှာမဟုတ်ဘူးလို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ဆိုထားပါတယ်။
Mifepristoneဆေးကို ကိုယ်ဝန်ဖျက်ချဖို့အတွက် သုံးမယ်ဆိုရင် ဆေးနှစ်လုံးသုံးရမှာ ဖြစ်ပြီး အမေရိကန် အစားအစာနဲ့ ဆေးဝါး စီမံခန့်ခွဲရေးက ပထမဆုံး ခွင့်ပြုခဲ့တဲ့ ဆေးလည်း ဖြစ်ပါတယ်။

ဒီဆေးဟာ ကိုယ်ဝန်ဆက်လက်ရှင်သန်ဖို့ လိုအပ်တဲ့ progesterone လို့ခေါ်တဲ့ ဟော်မုန်းကို တားဆီးပေးတာဖြစ်ပြီး misoprostol လို့ခေါ်တဲ့ ဒုတိယဆေးလုံးကတော့ သားအိမ်ကို အလွတ် ဖြစ်သွားအောင်ရှင်းလင်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Mifepristoneဆေးကို ကိုယ်ဝန်ပျက်ကျတဲ့(သားလျော) အမျိုးသမီးတွေ အပြင်ဟော်မုန်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေအတွက်လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.