စစ်ခေါင်းဆောင် အာဏာသိမ်းပြီးဖွဲ့စည်းထားတဲ့ နိုင်ငံအဆင့်ကောင်စီမှာ သူကိုယ်တိုင် ဥက္ကဋ္ဌလုပ်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာတော့ သူကြိုးဆွဲရာကမယ့် ပြည်နယ်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌတွေကို တာဝန်ပေးခဲ့ပါတယ်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကိုတော့ ဒေါက်တာတင်ဌေးက ဥက္ကဌအဖြစ်တာဝန်ယူပြီး စတင်အကောင်အထည်ဖော်ခဲ့ပေမယ့် မကြာခင်မှာပဲ ဒေါက်တာတင်ဌေးအစား ဦးဇော်လင်းထွန်းကို ပြောင်းလဲတာဝန်ပေးပါတယ်။
ဦးဇော်လင်းထွန်းဟာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်၊ ဦးထင်ကျော်အစိုးရလက်ထက်တို့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မွန်ပြည်နယ်ဗုဒ္ဓကလျာဏယုဝအသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသလို မော်လမြိုင်မြို့ရဲ့ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
အဲ့ဒီတုန်းကတော့ မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌလည်းဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်မရခဲ့သူလည်းဖြစ်တဲ့ ဦးအောင်ကြည်သိန်းဟာ စစ်ကောင်စီခန့် စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေသူလည်းဖြစ်သလို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် သယံဇာတရေးရာဝန်ကြီးလည်းဖြစ်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူမထောက်ခံလို့ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ဦးအောင်ကြည်သိန်းဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ စစ်ခေါင်းဆောင်ကြိုးဆွဲရာကမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
သံလွင်တိုင်းမ်အနေနဲ့ ဦးအောင်ကြည်သိန်း စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်းမှ စတင်ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ခါနီးအထိ သူရဲ့ လူမှုကွန်ရက်စာမျက်မှာ ဖော်ပြထားတဲ့ လှုပ်ရှားတွေကို မှတ်တမ်းပြုစုပြီး ဖော်ပြလိုက်ပါတယ်။
ဦးအောင်ကြည်သိန်းဟာ ပွဲတက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူအဖြစ်ဆိုရလောက်အောင် သူတာဝန်ယူတဲ့ ၁၀ လတာကာလအတွင်း ပွဲတက်ခြင်းအလုပ်ကို အဓိကလုပ်ဆောင်ခဲ့သူဖြစ်နေတာကို တွေ့ရပါတယ်။
ပြည်သူလူထုအကျိုးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူမပြုတဲ့ ပွဲပေါင်း ၂၂၀ နီးပါးတက်ရောက်ခဲ့ပြီး တစ်လလျှင် ပွဲပေါင်း ၂၂ ပွဲ တက်ရောက်ခဲ့တယ်လို့ စိစစ်တွေ့ရှိရပါတယ်။
တက်ရောက်ခဲ့တဲ့ပွဲအများစုကတော့ ဘာသာရေးနဲ့ဆက်နွယ်တဲ့ အခမ်းအနားများသာဖြစ်ပြီး အစိုးရအဖွဲ့ပုံမှန်ကျင်းပတဲ့ပွဲတွေနဲ့ အခြားသောအဖွဲ့အစည်းတွေက ကျင်းပတဲ့ ပွဲအချို့ကိုလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ပြည်သူ့ဝန်ဆောင်မှုကို ပေးအပ်ရမယ့် အစိုးရတရပ်နေရာကို ဝင်ရောက်လုယက်နေရာယူခဲ့ပြီးနောက် ပြည်သူ့ဝန်ဆောင်မှု ပေးအပ်ဖို့ တာဝန်ယူခြင်းထက် အခမ်းအနားပွဲလမ်းသဘင်များကိုသာ အဓိက တက်ရောက်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက မွန်ပြည်နယ် ၁၀ မြို့နယ်အတွက် တာဝန်ယူဖို့ ခန့်အပ်ထားပေမယ့် ဦးအောင်ကြည်သိန်းတက်ရောက်ခဲ့တဲ့ အခမ်းအနားနဲ့ ပွဲလမ်းသဘင်တွေကို မော်လမြိုင်မြို့မှာ အများဆုံးကျင်းပခဲ့တာ ဖြစ်ပြီး ချောင်းဆုံ၊ မုဒုံ၊ ပေါင်နဲ့ ကျိုက်မရောမြို့နယ်တို့ထံ အနည်းငယ်သွားရောက်ခဲ့တာ တွေ့ရပါတယ်။
ဦးအောင်ကြည်သိန်း တာဝန်ယူစဉ်အတွင်း သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ လှုပ်ရှားမှုစာရင်းအရ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်နဲ့ရေးမြို့နယ်တို့ကို သွားရောက်တာ မရှိသလောက် နည်းပါးခဲ့တာပါ။
ဦးအောင်ကြည်သိန်းက ပွဲတက်ရောက်ရာမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူအပါအဝင် စစ်ကောင်စီခန့် အစိုးရအဖွဲ့ဝင်ဝန်ကြီးအားလုံးကိုလည်း ပူးတွဲခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။
ပြည်သူတို့ရဲ့ ရွေးကောက်ပွဲရလဒ်ကို အတင်းအဓမ္မဖျက်သိမ်းပြီး အာဏာလုယုထားတဲ့ ရွေးကောက်ပွဲရှုံးနိမ့်ထားသူ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဟာ ပြည်သူ့ဝန်ဆောင်မှုပေးခြင်းထက် နိုင်ငံဘဏ္ဍာကို သုံးစွဲပြီး ပြည်သူအတွက် အကျိုးမပြုတဲ့ ပွဲလမ်းသဘင်တွေ တက်ရောက်ခြင်းဖြင့်သာ ၂၀၂၃ ခုနှစ် တနှစ်တာကို ကုန်ဆုံးခဲ့တာကို သံလွင်တိုင်းမ်အနေနဲ့ မှတ်တမ်းအဖြစ် ဖော်ပြလိုက်ရပါတယ်။

