၂၀၂၃ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ စီမံခန့်ခွဲမှုအလွဲများ

0
405

သံလွင်တိုင်းမ်

၂၀၂၃ ခုနှစ်ကို ပြန်ပြောင်းလှည့်ကြည့်မယ်ဆို မြန်မာ့ နိုင်ငံရေးဖြစ်စဉ်သမိုင်းတွေမှာ တစ်ခေတ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေနဲ့ စစ်ခေါင်းဆောင်ဟာ နှုတ်ခမ်းမွှေးမနိုင်ဘဲ ပဲကြီးဟင်း သောက်တာကြောင့် သူကိုယ်တိုင်အပါအဝင် ပြည်သူအများ ဒုက္ခအဖုံဖုံ ပိုကြုံရတဲ့နှစ်လည်း ဖြစ်ပါတယ်။

လက်နက်သာကိုင်တတ်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စစ်ခေါင်းဆောင်ကြောင့် အထွေထွေအကျပ်အတည်းနဲ့ကြုံရပြီး ဒေါ်လာဈေး ရွှေဈေး၊ ကုန်ဈေးနှုန်း မိုးပေါ်ထောင်တက် သွားတာဟာလည်း စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကို ပြဆိုနေပါတယ်။

စစ်ခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်တာ၊ ရပ်ရွာတွေကို လက်အောက်ခံ တပ်သားတွေက မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားသေဆုံးမှုတိုးလာတာစတဲ့ ရာဇဝတ်မှုတွေကိုလည်း ၂၀၂၃ ခုနှစ်ထဲမှာ ထပ်တိုးကျူးလွန်ခဲ့ပါတယ်။

ဒီတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်များ၊ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းကြုံရတဲ့ ၂၀၂၃ ခုနှစ်အတွင်း အထင်ကရ ဖြစ်ရပ်တွေကို ကြည့်ရအောင်ပါ။

လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရာဇဝတ်မှုများ

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦး ရှိခဲ့တဲ့ စစ်ရာဇဝတ်မှုကို စစ်တပ်က ကျူးလွန်ခဲ့ပါတယ်။

ဒါ့အပြင် KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က ကျေးရွာထဲကို ဝင်ရောက်ပြီး အရပ်သားပြည်သူ ၂၀ ဦးကို ဖမ်းဆီးကာ ရက်စက်စွာ မီးရှို့သတ်ဖြတ်သွားခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့က ညောင်ပင်သာရွာအနီး KNLA တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ညောင်ပင်သာရွာထဲကို ဝင်ရောက်လာခဲ့ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးခဲ့ကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက် စစ်ရှောင်စခန်းအပေါ် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်ညပိုင်းအချိန်က လေကြောင်းတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်းနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံးကို အမြန်ဆုံးအရေးယူဖို့လည်း ကချင်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ၃ နှစ်နီးပါးကာလတာအတွင်း နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၂ ဒသမ ၆ သန်းအထိ စံချိန်တင် ရောက်ရှိလာပြီဖြစ်တယ်လို့ UNOCHA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကစပြီး ပြည်သူ ၁၂၀၀၀၀ နီးပါး၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ပြည်သူ ၁၁၁,၀၀၀ ကျော်၊ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ပြည်သူ ၃၁၄,၀၀၀ ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ UNOCHA က ဖော်ပြထားပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း ၃ နှစ်နီးပါးကာလအတွင်း တိုက်ပွဲတွေနဲ့ အရပ်သားပြည်သူအပေါ် ဦးတည်ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှု၊ ပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ(ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ)ထဲမှာ စစ်ဘေးရှောင်နေရသူဦးရေ ၈ သိန်းအထိ တိုးများလာနေပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေလည်း ဆက်လက်လိုအပ်နေပါတယ်။

တစ်နှစ်တာအတွင်း တိုးမြင့်ခဲ့တဲ့ အရပ်သားသေဆုံးမှု

၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တော်လှန်ရေးတွေ အရှိန်မြင့်တက်ခဲ့သလို အရပ်သားသေဆုံးမှုတွေ မြင့်တက်ခဲ့တဲ့ နှစ်တစ်နှစ်ဆိုလည်း မှားမယ်မထင်ပါဘူး။

၂၀၂၃ ခုနှစ်၊ ပထမ ၅ လတာအတွင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇၄၈ဦး ထက်မနည်း စံချိန်တင် သေဆုံးခဲ့ရပြီး ဒီအရေအတွက်ဟာ ၂၀၂၂ ခုနှစ်အတွင်း သေဆုံးခဲ့တဲ့ အရပ်သား စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း နီးပါး ရှိတယ်လို့ မြန်မာ့ဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ထောက်ပြခဲ့ပါတယ်။

ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ကနေ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ အရပ်သား ၂၀၃၉ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလ ၈ ရက်နေ့အထိ ပြုစုထုတ်ပြန်ထားတဲ့ စာရင်းတွေမှာတော့ အဲဒီကာလအတွင်း အရပ်သားသေဆုံးမှုဟာ ၇၄၉ ဦးအထိ ရှိနေပါတယ်။

စစ်ကောင်စီကလည်း အာဏာသိမ်းကာလအတွင်း ဒလန်လို့ စွပ်စွဲခံရပြီးသေဆုံးသူဟာ ၄ထောင်ကျော်ရှိတယ်လို့ အခုနှစ်အတွင်း ထုတ်ပြန်ဖူးပါတယ်။

အရပ်သားသေဆုံးမှုအများဆုံးဟာ စစ်ကိုင်းတိုင်းအတွင်းကအများဆုံးဖြစ်ပါတယ်။သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ဖမ်းဆီးပြီးနောက်သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ အကြောင်းမဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု၊ ဒလန်ရှင်းလင်းမှုအပါအဝင် နှစ်ဘက်တိုက်ပွဲတွေအကြား သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။

၅ဦးထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေဟာလည်း အာဏာသိမ်းကာလ ၃နှစ်နီးပါးအတွင်း ၈၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ NLD ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အခုနှစ်အတွင်း ထင်ရှားတဲ့ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဟာလည်း ၃ ခု ထက်မနည်းရှိနေပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့တဲ့ ပဇီကြီးဖြစ်စဉ်၊ ရဟန်းတွေအပါအဝင် လူ ၂၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ နန်းနိမ်ကျေးရွာဖြစ်စဉ်၊ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ကလေးငယ် ၁၁ဦးအပါအဝင် လူ ၃၀ နီးပါးသေဆုံးခဲ့တဲ့ မုန်လိုင်ခက် ဖြစ်စဉ်တွေအပြင် အခြားသော ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ပြည့်သူ့အုပ်ချုပ်ရေးရုံးဖွင့်လှစ်ပွဲ ကျင်းပနေချိန် စစ်ကောင်စီတပ်က Mi 35 လေယာဉ်နဲ့ ရောက်လာပြီး ဖျက်အားပြင်းဗုံးတွေ ကြဲချခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒေသခံ ၃၀၀ ခန့် စုဝေးတက်ရောက်နေတဲ့ ပွဲကို စစ်ကောင်စီက လေကြောင်းကနေ မီးလောင်ဗုံးအမျိုးအစားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးမှု ၁၇၀ ကျော် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၃၈ ဦးလည်း ပါဝင်ပါတယ်။ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ PDF တွေကိုသာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခဲယမ်းမီးကျောက်သိုလှောင်ရုံကို ထိမှန်ခဲ့တာကြောင့် လူသေဆုံးခဲ့ရတာလို့ ဝါဒဖြန့် မီဒီယာတွေကနေတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

အခုနှစ် မတ်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းဒေသအတွင်းက နန်းနိမ်ကျေးရွာက ဘုန်းကြီးကျောင်းအတွင်းမှာ ဘုန်းတော်ကြီး ၃ ပါးနဲ့ အရပ်သား ၁၉ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

သတ်ဖြတ်ခံရမှုမတိုင်ခင်က နန်းနိမ်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံအများစုက ဒေသကိုစွန်ခွာခဲ့ကြပါတယ်။

ကျေးရွာကို စောင့်ရှောက်ဖို့ ဘုန်းတော်ကြီးကျောင်းဝင်အတွင်း နေရစ်ခဲ့တဲ့ ၃၃ ဦးအနက် ၂၂ ဦးဟာ မတ်လ ၁၁ ရက်နေ့မှာပဲ သတ်ဖြတ်ခံလိုက်ရပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ညဉ်းပန်းနှိပ်စက်ခံရပြီးမှ သေဆုံးတာ အနီးကပ်သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ရုပ်အလောင်းတွေကို ခွဲစိတ်စစ်ဆေးခဲ့တဲ့ ဆရာဝန်က သံလွင်တိုင်မ်းကို ပြောဆိုဖူးပါတယ်။

ရုပ်အလောင်းတွေရဲ့အနီးမှာ စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ MA 5.56 ကျည်အမျိုးအစားနဲ့ M 79 ကျည် အမျိုးအစားတွေလည်းတွေ့ရှိခဲ့ပါတယ်။

ဒါတွေအပြင် မတ်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက သေဆုံးနေတဲ့ နန်းနိမ်ကျေးရွာ ဒေသခံတွေရဲ့ ရုပ်အလောင်းတွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး PDF တွေကို သုတ်သင်နိုင်ခဲ့ကြောင်း တယ်လီဂရမ် ချန်နယ်လ်တွေမှာ တင်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားခံဟာ KNDF ဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

နောက်တစ်ခုကတော့ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက အောက်တိုဘာလ ၉ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ပါ။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးရှောင် ၂၉ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတိုင်းမှူးက အဲဒီတိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့သူတွေအား ဆုငွေသိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ KIA ဘက်က ထုတ်ပြောခဲ့ပါတယ်။

ဖြစ်စဉ်အတွင်း အရပ်သားသေဆုံးမှုတွေကိုတော့ စစ်ကောင်စီက အခုလို တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနေ့ညက မုန်လိုင်ခတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ KIA ရဲ့ အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာတွေက တစ်ဆင့် ပြောဆိုခဲ့ပါတယ်။

ဒေါ်လာအလိုရှိနေတဲ့ စစ်ကောင်စီရဲ့ အလုပ်မဖြစ်တဲ့ မူအမျိုးမျိုး ထုတ်ပြန်မှု

၂၀၂၃ ခုနှစ် အတွင်း ဒေါ်လာဈေးနှုန်းတွေဟာဆိုရင် ပြောင်းလဲမှု များစွာ ရှိခဲ့ပြီး စစ်ကောင်စီရဲ့ ကန့်သတ်ထိန်းချုပ်မှု တွေကြောင့် ဈေးနှုန်း မတည်ငြိမ်တာ၊ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာအပြင် ဈေးနှုန်းကမောက်ကမ အဖြစ်ဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

တစ်ဒေါ်လာကို ကျပ် ၁၉၀၀ ဝန်းကျင်နဲ့ ငြိမ်နေရာမှ ပြီးခဲ့တဲ့ ဧပြီလထဲမှာတော့ အမေရိကန်နိုင်ငံက ဘဏ်တိုးနှုန်းတွေ မြှင့်လိုက်တဲ့အတွက် ပြည်တွင်း ဒေါ်လာပေါက်ဈေးဟာလည်း ကျပ် ၁၉၀၀ ဝန်းကျင်မှ ကျပ် ၂၀၀၀ ကျော်အထိ မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

မေလအတွင်းမှာတော့ ဒေါ်လာဈေးနှုန်းတွေဟာဆိုရင် စစ်ကောင်စီရဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍမှ လိုငွေတွေ ဆက်တိုက် ပြပြီးနောက် ဒေါ်လာလိုအပ်ချက်တွေ မြင့်တက်ကာ ပြင်ပ ဒေါ်လာပေါက်ဈေး တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။

ဇွန်လအတွင်းမှာလည်း အမေရိကန်နိုင်ငံက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ် နှစ်ခု ဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အရေးယူ ပိတ်ဆို့လိုက်တဲ့ ဂယက်ကြောင့်လည်း ဒေါ်လာ ဈေးနှုန်းဟာ ကျပ် ၃၁၀၀ ကျော်ထိ ထပ်မံမြင့်တက် လာတာပါ။

ဒေါ်လာ ဈေးနှုန်း သိသိသာသာ ပြောင်းလဲခဲ့တာကတော့ စစ်ကောင်စီရဲ့ ကျပ် နှစ်သောင်းတန် ငွေစက္ကူ အသစ် ထုတ်ဝေမယ်ဆိုတဲ့ ဂယက်ကြောင့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၆၀၀ ဝန်းကျင်ထိ ဈေးနှုန်း ခုန်တက်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ငွေစက္ကူအသစ် ထုတ်ဝေပြီးနောက်မှာလည်း ဒေါ်လာပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ကျပ် ၃၇၀၀ ကျော်အထိ ရောက်ရှိခဲ့ပါတယ်။

ဒေါ်လာ လိုအပ်ချက် ကြီးမြင့်လာတာကြောင့် ဩဂုတ်လအတွင်းမှာတော့ ပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်ပါက အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲ့ဒီထဲမှာတော့ ပြည်တွင်းမှာ နေထိုင်သူ တစ်ဦးဟာဆိုရင် တရားဝင် နည်းလမ်းနဲ့ ရရှိထားတဲ့ ဒေါ်လာ ၁၀,၀၀၀ အထိ ဒါမှမဟုတ် အဲ့ဒီငွေနဲ့ညီမျှတဲ့ အဲ့ဒီငွေထက်မပိုတဲ့ နိုင်ငံခြား ငွေတွေကို လက်ခံရရှိတဲ့နေ့မှစပြီး ၆ လအတွင်းသာ ကိုင်ဆောင်ခွင့် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက် ထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီဟာဆိုရင် နိုင်ငံခြားငွေ လဲလှယ်ခွင့်ရှိတဲ့ ကုမ္ပဏီတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ နိုင်ငံခြားငွေ လဲလှယ်ခွင့်ရှိတဲ့ ကုမ္ပဏီပေါင်း ၁၂၃ ခုကို လုပ်ငန်း လိုင်စင် ရုတ်သိမ်း ခဲ့တာပါ။

စစ်ကောင်စီဟာ နိုင်ငံခြားငွေ လဲလှယ်ခွင့်ရှိတဲ့ ကုမ္ပဏီပိတ်သိမ်းမှုအနေနဲ့ မတ်လက ကုမ္ပဏီ ၂၀ ခု၊ ဇူလိုင်လက ကုမ္ပဏီ ၁၂ ခု၊ ဩဂုတ်လက ကုမ္ပဏီ ၁၃ ခုနဲ့ စက်တင်ဘာလက ကုမ္ပဏီ ၁၂၃ ခု စုစုပေါင်း တစ်နှစ်အတွင်း ကုမ္ပဏီပေါင်း ၁၆၈ ခုအထိ ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလထဲမှာတော့ မြောက်ပိုင်းမဟာမိတ်သုံးအဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အခြေအနေတွေကြောင့် ဘဏ်တွေမှာ ငွေထုတ်ယူသူ များပြီး ဒေါ်လာ စုဆောင်းသူ များလာတဲ့အတွက် ဒေါ်လာဈေးနှုန်းတွေဟာဆိုရင် တစ်ဒေါ်လာကို ကျပ် ၃၂၀၀ ဝန်းကျင်မှ ကျပ် ၃၅၀၀ ဝန်းကျင်ထိ ဈေးနှုန်း ခုန်တက်ခဲ့တာပါ။

ဒီနှစ်ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလထဲမှာတော့ စစ်ကောင်စီက နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေကို နိုင်ငံခြားငွေကြေးဈေးကွက်မှာ အရောင်းအဝယ် ပြုလုပ်ရာမှာ အရင်က စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ငွေလဲနှုန်း သတ်မှတ်ပေးရာမှ ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ပြီး ငွေလဲနှုန်း မသတ်မှတ် ပေးတော့သလို လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အရင်က စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ငွေလဲနှုန်းဟာဆိုရင် တစ်ဒေါ်လာကို ကျပ်၂၁၀၀ ဖြစ်ပြီး အခုလို လွတ်ပေးလိုက်တဲ့ နောက်မှာတော့ တစ်ဒေါ်လာကို ကျပ် ၃၇၀၀ ဝန်းကျင်မှ ကျပ် ၄၀၀၀ ဝန်းကျင်ထိ ဈေးနှုန်း အမျိုးမျိုးနဲ့ ပြင်ပဈေးကွက်မှာ ရောင်းဝယ်မှု ရှိလာတယ်လို့ သိရပါတယ်။

မိုးပေါ်ထောင်သွားတဲ့ ရွှေဈေးနှုန်း

၂၀၂၃  ခုနှစ်အတွင်း ပြည်တွင်း ရွှေဈေးနှုန်းတွေဟာဆိုရင် အပြောင်းအလဲတွေ မြန်ဆန်ခဲ့ပြီး လတိုင်းနီးပါး ဆက်တိုက် ဆိုသလို မြင့်တက်ခဲ့ကာ နှစ်ကုန်ဆုံးတဲ့ အချိန်ထိ စံချိန်တင် ဈေးနှုန်းတွေနဲ့ အမြင့်တန်းမှာပဲ ဆက်ရှိနေတာပါ။ မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို နှစ်အစက ကျပ် ၂၇ သိန်းဝန်းကျင်ရှိရာမှ ၂၉ သိန်းဝန်းကျင်ထိ မြင့်တက်ခဲ့တာပါ။

ဒါ့အပြင် ရွှေဈေးနှုန်းဟာ ပြင်ပဒေါ်လာ ပေါက်ဈေးကို မှီခိုနေတာကြောင့် ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ဒေါ်လာ ဈေးနှုန်း မြင့်တက်လာမှုနဲ့ အတူ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းဝန်းကျင်ထိ ဈေးနှုန်း ထပ်မံ မြင့်တက်ခဲ့ပါတယ်။

အဲ့ဒီအပြင် အမေရိကန်နိုင်ငံက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ အစိုးရ ဘဏ် နှစ်ခုဖြစ်တဲ့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် MICB ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစတင်ပြီး အရေးယူ ပိတ်ဆို့ လိုက်တဲ့နောက် ဒေါ်လာ ဈေးနှုန်း ကမောက်ကမ ဖြစ်ပြီး ပြည်တွင်း ရွှေဈေးနှုန်း တွေကလည်း ကျပ် ၃၂ သိန်းကျော်အထိ ထပ်မံ မြင့်တက်ခဲ့သလို ဈေးကွက် မဖွင့်နိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီနှစ်အတွင်း ရွှေဈေးနှုန်း ကြီးကြီးမားမား ပြောင်းလဲမှုကတော့ စစ်ကောင်စီရဲ့ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေခဲ့တဲ့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဖြစ်ပေါ် ခဲ့တာပါ။

ရွှေဈေးနှုန်းတွေဟာဆိုရင် စစ်ကောင်စီရဲ့ နှစ်သောင်းတန် ငွေစက္ကူ မထုတ်ဝေခင်က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၂ သိန်း ဝန်းကျင် ရှိရာမှာ နှစ်သောင်းတန် ဂယက်ကြောင့် ကျပ် ၃၈ သိန်းဝန်းကျင်ထိ ရောက်ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းမှာတော့ နှစ်သောင်းတန် ဂယက်ကြောင့် မြင့်တက်ခဲ့တဲ့ ရွှေဈေးနှုန်းတွေဟာဆိုရင် ကျပ် ၃၈ သိန်း ဝန်းကျင်ကနေ ကျပ် ၃၄ သိန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့သလို လကုန်နောက်ဆုံးအပတ်မှာတော့ ကျပ် ၃၃ သိန်း ဝန်းကျင်အထိ အကျဈေးနှုန်းနဲ့ ငြိမ်နေခဲ့တာပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလထဲမှာတော့ ရွှေဈေးနှုန်း တစ်ဆစ်ချိုး ပြန်လည် ပြောင်းလဲ လာပြီး စံချိန်တင် အမြင့် ဈေးနှုန်း ဖြစ်တဲ့ မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ဝန်းကျင်မှ ကျပ် ၃၈ သိန်းနီးပါးထိ ပြန်လည် ရောက်ရှိခဲ့တာပါ။

အခုလို အမြင့်ဈေးနှုန်း ပြန်လည်ရောက်ရှိလာတာဟာ မြောက်ပိုင်း မဟာမိတ် အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုမရှိတဲ့အတွက် ဒေါ်လာဈေးနှုန်း မြင့်တက်လာတဲ့အပြင် ရွှေဝယ်စုဆောင်သူများတဲ့အတွက် ဈေးနှုန်း သိသိသာသာ ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ စစ်ခေါင်းဆောင်ကြောင့် ဖြစ်လာတဲ့ ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းနဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်တပ်ရဲ့ တပ်ပျက်နေတဲ့ အခြေအနေတွေကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ စစ်တပ်ဟာ ပျက်ရုံတင်မကဘဲ အလုံးစုံ ချေမှုန်းခံရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.