ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁

မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ် ညီလာခံကို ဗဟိုဌာနချုပ်မှာ ဆက်လက်ကျင်းပနေပြီး ဒီကနေ့မှာတော့ ဗဟိုကော်မတီရဲ့ အစီရင်ခံစာနဲ့ ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက်တွေကို အတည်ပြုပြီးစီးသွားပြီလို့ မွန်ပြည်သစ်သတင်းစဉ်ကနေ ဇန်နဝါရီ ၁ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဗဟိုကော်မတီကနေ သုံးသပ်တင်ပြထားတဲ့ နိုင်ငံရေးအခြေအနေ၊ အမျိုးသားရေး၊ ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပါတီရေးရာတွေအပါအဝင် ဗဟိုကော်မတီရဲ့ အစီရင်ခံစာကို အခြေခံထားတဲ့ ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက်တွေကို ကိုယ်စားလှယ်တွေ လွတ်လပ်စွာ ဝိုင်းဝန်းသုံးသပ် ထုတ်နှုတ် ဖြည့်စွက် ပြင်ဆင်ပြီး ဒီကနေ့မှာ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒ့ါအပြင် ဗဟိုကော်မတီရဲ့ အစီရင်ခံစာထဲမှာ သုံးသပ်တင်ပြထားတဲ့ ကမ္ဘာ့အရေး၊ ပြည်တွင်းရေး၊ အင်အားစုအသီးသီး ၊ ပါတီတွင်း ၊ ပြည်သူလူထုနဲ့ လူငယ် စတဲ့ အခြေအနေတွေ ပါဝင်ပြီး ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက်မှာ အချက် ၁၃ ချက် ခင်းကျင်းထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ညီလာခံကနေ အတည်ပြုပြီးဖြစ်တဲ့ ရှေ့လုပ်ငန်းစဉ်လမ်းညွှန်ချက်တွေနဲ့ ဗဟိုကော်မတီကနေ တင်ပြထားတဲ့ အစီရင်ခံစာကို အသေးစိတ်ဖော်ပြခြင်း မရှိသေးပါဘူး။

မနက်ဖြန် ဇန်နဝါရီ ၂ ရက်နေ့ကစပြီး အခြေခံနိုင်ငံရေးလမ်းစဉ် ၊ မွန်ပြည်သစ်ပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံ လမ်းညွန်ချက်ကို အတည်ပြုဖို့ စတာတွေကို ဆက်လက်ဆွေးနွေးသွားဖို့ အစီအစဉ်ရှိတယ်လို့ မွန်ပြည်သတင်းစဉ်က ထုတ်ပြန်ထားတာပါ။

မွန်ပြည်သစ်ရဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပါတီကိုယ်စားလှယ်၊ ပါတီပြင်ပကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေ စုစုပေါင်း ၁၄၀ ဦး တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.