မိုင်းငေါ့၊ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို အလုံးစုံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/ TNLA က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းငေါ့မြိုရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်မှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ တပ်စခန်းအပါအဝင် ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတွေကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲ့ဒီမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေဟာ တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၅၃ နဲ့ ခလရ-၂၃၅တို့မှ လာရောက်ထိုးစစ်ဆင်လှုပ်ရှားခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲ ၃ ရက်တာကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်ခန့်နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၅ ကြိမ်ခန့် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းငေါ့တပ်စခန်းကို TNLA က တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီဘက်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့သလို ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆာက်အအုံ ဘုရားကျောင်းကန်အပါအဝင် လူနေအိမ် ၁၄ လုံးထိမှန်ပျက်စီးခဲ့ပြီး နေအိမ် ၅ လုံး မီးလောင် ပျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့သလို မိုင်းငေါ့မြို့ကိုလည်း ဆဌမမြောက်မြို့အဖြစ် TNLAက အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်မ တော် (PSLF/TNAL)၊ ကိုးကန့် (MNDAA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ဟာ ရှမ်းမြောက်မှာ မိုင်းငေါ့အပါအဝင် ၁၃ မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PSLF / TNLA

