ရေး၊ ဇန်နဝါရီ ၁
နှစ်သစ်အကြိုစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီ တပ်ရင်း ၂ ရင်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုပူးပေါင်းအဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၁) နဲ့ အမှတ်(၅၈၃) ခြေမြန်တပ်ရင်းတို့ကို မနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အချိန်တစ်နာရီနီးပါးကြာတဲ့ အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရင်းတွေထဲ လက်နက်ကြီးနဲ့ဒရုန်းဗုံးတွေ ပစ်ချနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းပေးတွေရဲ့ ပြောပြချက်အရ သိရပေမယ့် အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရင်းတွေဟာ ကျောင်းရွာ၊အိုင်ရှည်နဲ့ ကမ်းနီကျေးရွာအနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီးနဲ့ အကြိမ်ရေ ၃၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီစစ်ဆင်ရေးကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ၊ Ye Air Force YAF စတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ရင်း ၂ ရင်းကို တိုက်ခိုက်ပြီးနောက် လာမယ့်နှစ်သစ်ကစပြီး စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမယ်လို့ မဟာမိတ်တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ကျောင်းရွာကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF

