စစ်ကောင်စီလက်ထဲ ဓားစာခံဖြစ်နေတဲ့ ရွာသစ်ဒေသခံများ

0
1598

စစ်တပ်မြို့လို့ခေါ်ကြတဲ့ ကယားပြည်နယ် ဘော်လခဲမြို့ပေါ်အပါအဝင် ခရိုင်အတွင်းက မြို့နယ်တွေမှာ အခုနှစ် အစောပိုင်းကစလို့ စစ်မီးတွေ ကူးစက်လာပါတယ်။ 
စစ်ကောင်စီယန္တရားတွေ အများဆုံးလည်ပတ်ခဲ့တဲ့ ဘော်လခဲခရိုင်အတွင်း စစ်မီးတွေ ကူးစက်လာပြီးနောက် နယ်မြေတွေ ထပ်မံမဆုံးရှုံးဖို့ စစ်ကောင်စီတပ်ကနေ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာပါ။ 


အဲဒီထဲကမှ ဘော်လခဲမြို့နဲ့ မိုင် ၂၀ သာဝေးတဲ့ ရွာသစ်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီးတဲ့နောက် အထိုင်ချကာ ဓားစာခံမြို့ အဖြစ် ပုံစံပြောင်းပါတော့တယ်။ 
စစ်ကောင်စီတပ်တွေ ရွာသစ်မြို့ကို စစ်ကြောင်းစဝင်လာစဉ်က ထွက်ပြေးခဲ့သူတွေရှိတာကြောင့် အချို့လွတ်မြောက်သွားပေမယ့် ဒေသခံ ၅၀၀ ဝန်းကျင်ကတော့ ဒီကနေ့အထိ စစ်ကောင်စီရဲ့ဓားစာခံအဖြစ် ရွာထဲပိတ်မိနေတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ 


“စစ်ကြောင်းတွေစဝင်လာတော့ ဘုန်းကြီးကျောင်းမှာ ညအိပ်ကြတာ။ နောက်နေ့ ရွာထဲစစ်ကြောင်းလည်း ရောက်ရော ပြေးလို့လဲမမှီတော့ဘူး။ အကုန်လုံးကို ဘုန်းကြီးကျောင်းကနေ ဘယ်မှ ပေးမသွားဘူး။ နေအိမ်တွေမှာ ရိက္ခာပြန်ယူချင်ရင် သူတို့ဆီခွင့်တောင်းရတယ်။ ခွင့်မတောင်းဘဲ ပြန်သွားတာတွေ့ရင် ပစ်တယ်။ ရိုက်နှက်တယ်” လို့ ဆိုပါတယ်။


စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ရွာသစ်မှာပိတ်မိနေတဲ့ အရပ်သား ၆ ဦးအထိ သေဆုံးမှုရှိနေပြီး အပြင်းအထန် နှိပ်စက်ခံရသူတွေလည်း ရှိနေပါတယ်။


စစ်မီးဘယ်လိုကူးစက်ခဲ့လဲ


ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကစပြီး ရွာသစ်နဲ့ ထိုင်း-ကယားနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီးကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ပစ်ချခဲ့ပါတယ်


ရွာသစ်အနီးက စစ်ကောင်စီရဲ့နယ်ခြားစောင့်စခန်း ၁၀၀၅ ကိုလည်း သိမ်းယူနိုင်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ သာလွန်အင်အားတွေနဲ့ ပြန်လည် စစ်ကြောင်းထိုးခဲ့တာကြောင့် အဲဒီစခန်းကို ပြန်လက်လွှတ်ခဲ့ရပါတယ်။


စစ်ကောင်စီဟာ အိမ်ခြေ ၈၀၀ ဝန်းကျင်၊ လူဦးရေ ၁,၃၀၀ နီးပါး နေထိုင်တဲ့ ရွာသစ်မြို့ကို   ဇွန် ၂၇ ရက်နေ့မှာ အင်အား ၃၀၀ နီးပါးပါဝင်တဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်ပြီးတဲ့နောက်  တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်ပြီးတဲ့နောက် မြို့ကိုဝိုင်းပြီး မြို့တွင်းရော မြို့ပြင်မှာပါ အထိုင်ချ တပ်စွဲပါတော့တယ်။ 


လက်ရှိအချိန်မှာတော့ ရွာသစ်မြို့မှာ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်ကျန် လက်အောက်ခံတပ်တွေ၊ ခလ၇ ၁၂၊ ခလရ ၅၁၆ အပါအဝင် ဒေါညေးခူကနေ တပ်ပြန်ခေါက်လာတဲ့ စစ်ကောင်စီတပ်တွေ အထိုင်ချထားပြီး အင်အား ၃၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။


သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ တည်ရှိတဲ့ ရွာသစ်မြို့ဟာ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ နယ်မြေတစ်ခုဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက သံလွင်တိုင်းမ်ကို ပြောပါတယ်။


“ရွာသစ်က သံလွင်အရှေ့ဘက်ခြမ်းရော သံလွင်အနောက်ဘက်ခြမ်းမှာရှိတဲ့ သူတို့ရဲ့ တပ်ထိုင်စခန်းတွေအတွက် အရေးပါတဲ့ နယ်မြေတစ်ခုဖြစ်တယ်။ အဓိက သံလွင်အရှေ့ဘက်ခြမ်းမှာ ရိက္ခာတွေ ပို့ဆောင်နိုင်ဖို့အတွက်၊ ရိက္ခာအပြင် လူအင်အားတွေကို သူတို့ရှေ့တန်းစခန်းတွေကို ပို့ဆောင်နိုင်ဖို့အတွက် ရွာသစ်ကသူတို့အတွက် အရေးပါတဲ့ ကြားခံနယ်ဒေသတစ်ခုဖြစ်တယ်”

မြို့မှာအထိုင်ချပြီးတဲ့နောက် မြို့ပတ်ပတ်လည်က အဝင်လမ်းတွေမှာ သစ်တွေဝါးတွေနဲ့ ခံတပ်သဖွယ် စစ်ကောင်စီက ကင်းစောင့်နေပြီး မြို့တွင်းက လမ်းဆုံလမ်းခွတွေမှာလည်း ဘန်ကာတွေ ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။


ပိတ်မိနေတဲ့ ဒေသခံတွေရဲ့အခြေအနေ

စစ်ကောင်စီဟာ ဇွန် ၂၇ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသစ်မြို့မှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ရွာပြင် ပေးမထွက်တော့ပါဘူး။ 


အဲဒီအချိန်ကစပြီး ရွာသစ်ကို စီးဆင်းနေတဲ့ ရိက္ခာလမ်းကြောင်း၊ ဆေးဝါးတွေအပါအဝင် ဆက်သွယ်ရေး အခြေအနေတွေပါ ပြတ်တောက်သွားခဲ့ပါတယ်
စစ်ကြောင်းစတင်ဝင်ရောက်စဉ်က ဒေသခံတွေဟာ မြို့အလယ် ဘုန်းတော်ကြီးကျောင်းနဲ့ မြို့ပြင်ဘုန်းတော်ကြီး ကျောင်းတွေမှာ ခိုလှုံခဲ့ကြပါတယ်။

စစ်ကောင်စီတပ် အထိုင်ချပြီးတဲ့နောက် အရပ်သားတွေကို နေအိမ်ပြန်ခွင့်မပြုတော့ဘဲ ဘုန်းတော်ကြီးကျောင်းတွေမှာပဲ အုပ်စုဖွဲ့နေခိုင်းတယ်လို့ လွတ်မြောက်လာသူတစ်ဦးနဲ့ နီးစပ်သူက ဆိုပါတယ်။


နောက်ဆုံးရရှိထားတဲ့သတင်းအချက်အလက်တွေအရ စစ်ကောင်စီဟာ မြို့ပြင်ဘုန်းကြီးကျောင်းက ဒေသခံတွေကိုပါ မြို့အလယ် ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့လိုက်ပြီလို့ သိရပါတယ်။ 


စစ်ကြောင်းဝင်စက စစ်ကောင်စီဟာ အရပ်သားတချို့ကို လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး နှိပ်စက်တာ၊ စစ်ဆေးမေးမြန်တာတွေကို ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်ခဲ့တယ်လို့ လွတ်မြောက်လာက်သူနဲ့ နီးစပ်သူက ပြောပါတယ်။


“သူတို့က ဒီဘက်ကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့သူ ရှိ၊မရှိ စစ်မေးတာပေါ့။ မသင်္ကာတဲ့သူတွေကို ရိုက်နှက်တယ်၊ ခြေကျိုး၊လက်ကျိုးတာတွေအထိ ရှိတယ်၊ဖုန်းတွေစစ်တယ်၊ မသင်္ကာရင် ရိုက်နှက်မေးမြန်းတယ်၊လမ်းမှာတွေ့ရင်လည်း ဘာမှ မပြောဘူး တန်းရိုက်နှက်တာတွေရှိတယ်၊ ဆေးကုသမှုကတော့ ရွာသားတွေရဲ့အရင်ကအတိုင်းပဲ ဆေးမြီးတိုတွေနဲ့ ကုကြတာပေါ့” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပိတ်မိနေတဲ့အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတချို့ကို သိမ်းဆည်းထားသလို၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်မယ်ဆိုရင်တောင် သူတို့ရှေ့မှာပဲ ဆက်သွယ်တာမျိုး လုပ်ရတယ်လို့ ပိတ်မိနေဆဲဒေသခံရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။


လက်ရှိအချိန်မှာတော့ စစ်ကောင်စီအနေနဲ့ မြို့သစ်ကိုပိတ်ဆို့တာ ၂လ နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ ရိက္ခာတွေဟာ နည်းလာတာမို့ ပိတ်မိနေသူတွေအတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။


စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဘော်လခဲကနေ ရိက္ခာတွေသယ်ယူတာရှိတဲ့အတွက် ရွာသစ်မြို့ထဲမှာ ရိက္ခာလျော့နည်းနေပြီဖြစ်နိုင်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဌ ဦးဗညားက ဆိုပါတယ်။


“ရွာသစ်ရဲ့ သဘောသဘာဝက အိမ်တွေက နှမ်းတွေပေါ်ပြီးရင် ဆန်တွေကို တစ်နှစ်စာ၊၆လစာ အဲဒီလို စုဆောင်းထားလေ့ရှိတယ်၊ တစ်အိမ်မှာ အနည်းဆုံး ဆန် ၄၊၅ အိတ်က ရှိပြီးသာ၊ အဲဒီတော့ ပိတ်မိတဲ့အစပိုင်းမှာ ရိက္ခာအတွက်က ပြဿနာ မရှိနိုင်ဘူး၊ ဒါပေမယ့် အချိန်ကလည်း ကြာလာပြီ၊ ပြီးခဲ့တဲ့ရက်က စစ်ကောင်စီက ဘော်လခဲကနေ ရွာသစ်ကို ရိက္ခာသယ်တာတွေ့တယ်၊ ဆိုတော့ မြို့ထဲမှာ ရိက္ခာက သိပ်မရှိတော့ဘူး ဖြစ်နိုင်တယ်၊စစ်ကောင်စီက အရပ်သားတွေကို ဘယ်လိုရိက္ခာခွဲပေးမလဲဆိုတာ မသိရတော့ သူတို့အတွက် စိုးရိမ်မိပါတယ်” လို့ ဆိုပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ပိတ်မိနေတဲ့ အရပ်သားတွေဟာ စစ်ကောင်စီရဲ့ အန္တရာယ်အပြင် စစ်ကောင်စီဘက်တော်သားတွေရဲ့ ဖိနှိပ်မှုတွေကိုပါ ခံစားလာကြရပါတယ်။ 
လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်အရ ပိတ်မိနေသူတွေထဲက စစ်ကောင်စီ ဘက်တော်သားတချို့ဟာ စစ်တပ်အကာအကွယ်နဲ့ ဒေသခံအချင်းချင်း အနိုင်ကျင့်နေတယ်လို့ ပြောပါတယ်။


“အစကတည်းက ရွာသစ်မှာက တပ်ထောက်ခံသူတွေက ရှိပြီးသားလေ၊ စစ်ကြောင်းစဝင်တော့လည်း သူတို့ဘာမှ မဖြစ်လောက်ဘူးဆိုပြီး နေခဲ့တဲ့လူတွေရှိတာကိုး၊အခုကျတော့ သူတို့က စစ်တပ်ကို အကာအကွယ်ယူပြီး အချင်းချင်းပြန်ဖိနှိပ်နေတယ်၊စစ်တပ်ကလည်း ပြေးတဲ့လူတွေကျန်ခဲ့တဲ့ ကားတွေ၊ဆိုင်ကယ်တွေယူစီးတယ်၊သူတို့ကလည်း သူများအိမ်တွေက ပစ္စည်းတွေယူတယ်၊ ပြည်သူအချင်းချင်း ခိုင်းစားတယ်။ ရိက္ခာတွေယူတယ်” လို့ ဆိုပါတယ်။


စစ်ကောင်စီအနေနဲ့ မြို့တစ်ခုလုံးကို ဓားစာခံလုပ်ထားတာကြောင့် အရပ်သားတွေ ထိခိုက်မှာစိုးလို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မကူညီနိုင်ဘဲ ထိုင်ကြည့်နေရတဲ့အခြေအနေပါ။ 

ပိတ်မိနေသူတွေရဲ့ မိသားစုဝင်တွေကတော့ အချိန်တွေကြာလာတာကြောင့် စိတ်ပူပန်နေရပြီး မကြာခင်မှာ အားလုံးလွတ်မြောက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.