စစ်ခေါင်းဆောင်အတွက် ကြံမ္မာဆိုးဝင်တဲ့ ၂၀၂၃ ခုနှစ် လည်ပြန်

0
678

သံလွင်တိုင်းမ်

၂၀၂၃ ခုနှစ်ကို ပြန်ပြောင်းလှည့်ကြည့်မယ်ဆို မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းတွေမှာ တစ်ခေတ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ နိုင်ငံရေးလှိုင်းတံပိုးတွေ ပြင်းထန်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အထင်အရှားဖြစ်ရပ်တွေက ပြဆိုနေတာတော့ စစ်ကောင်စီတပ်ဟာ ပျက်စီးပြိုဆင်းနေပြီဆိုတာကို တွေ့ရပါမယ်။

စစ်တပ်သမိုင်းမှာ တစ်ခါမှမကြုံခဲ့ဖူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို နိုင်ငံသစ္စာဖောက်မှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ ထောင်တစ်သက်တစ်ကျွန်း အချခံလိုက်ရတာ၊ ငါမသေ ငါ့စခန်းမကျစေရဆိုတဲ့ စစ်တပ်၊ ကတုတ်ကျင်းလေးတစ်ခုကို စွန့်ရင်တောင် သေဒဏ်ပေးလို့ရတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားတာတောင် တပ်ရင်းအလိုက် လက်နက်ချတာတွေ ၂၀၂၃ ခုနှစ်အတွင်း အထင်ကရ ဖြစ်ရပ်တွေပါပဲ။

ဒါ့အပြင် မရေမတွက်နိုင်တဲ့ လက်နက်ခဲယမ်းတွေ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းနိုင်တာ တပ်စခန်းမြောက်များစွာ ကျဆုံးတာတွေ၊ လေတပ်သမိုင်းမှာ မရှိခဲ့ဖူးတဲ့ တိုက်လေယာဉ် ပစ်ချခံရပြီး လေသူရဲကို တော်လှန်ရေးတပ်တွေ ဖမ်းမိထားတာ စတာတွေဟာ တပ်ပျက်နေတယ်ဆိုတာကို ပြနေတဲ့ ငြင်းမရတဲ့အချက်တွေပါပဲ။

အထက်ပါအချက်တွေဟာ လက်နက်ပြပြီး ပြည်သူ့ဆန္ဒကို သေနတ်ပြောင်းထောက် အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်အတွက် ၂၀၂၃ ခုနှစ်ဟာ ကြံမ္မာဆိုးဝင်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

ဒီတော့ စစ်ခေါင်းဆောင်ကို ကြံမ္မာဆိုးဝင်ခဲ့တဲ့၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်များ၊ ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းကြုံရတဲ့ ၂၀၂၃ ခုနှစ်အတွင်း အထင်ကရ ဖြစ်ရပ်တွေကို ကြည့်ရအောင်ပါ။

အကျင့်ပျက် ခြစားမှုများကြောင့် ဗိုလ်ချုပ်ကြီးများ အရေးယူခံရခြင်း

အာဏာသိမ်းစစ်အုပ်စုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးကို စစ်ဘက်ဆိုင်ရာတရားရုံးက သီးခြားပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်ကို စစ်ဘက်ဆိုင်ရာတရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်ကြောင်းကို နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီကကြေညာပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရာမှာ ကုမ္ပဏီတွေက အကူအညီတောင်းခံမှုအပေါ် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြုပြီး နိုင်ငံကူးလက်မှတ်တွေကို ခွင့်ပြုပေးဖို့ညွှန်ကြားတာ၊ တံစိုးလက်ဆောင် ရယူခဲ့တာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့မညီညွတ်တဲ့ ဆောင်ရွက်မှုတွေအပေါ် ထိန်းသိမ်းကွပ်ကဲဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အရေးယူခံရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေတရားမဝင်လက်ဝယ်ထားမှု အပါအဝင် အခြားပြစ်မှုတွေနဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တာပါ။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ၊ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီတို့မှာ ဥက္ကဋ္ဌ တာဝန်တွေထမ်းဆောင်စဉ်အတွင်း ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက်ဆောင်ရွက်ခဲ့မှုနဲ့ နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှု ပုဒ်မတွေတပ်ပြီး အခုလိုအရေးယူခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့အတူ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးကိုလည်းထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်ဟာ စစ်အာဏာသိမ်းကာလမတိုင်ခင် အရပ်သားအစိုးရလက်ထက်မှာ သမ္မတဦးဝင်းမြင့်က ပြည်ထဲရေးဝန်ကြီး ခန့်အပ်ထားသူဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အားကိုးရတဲ့ လက်ထောက်တစ်ဦးဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ စစ်တပ်သမိုင်းမှာ ဘယ်တုန်းကမှ မပေါ်ပေါက်ဖူးဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှ ပေါ်ပေါက်လာတဲ့ ကြံမ္မာငင်မှုလည်းဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ စစ်ကောင်စီအနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို မထိပါးနိုင်အောင်၊ တပ်တွင်းအုံကြွမှု မဖြစ်အောင်ထိန်းသိမ်းတဲ့ သဘောသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ CDM စစ်တပ် အရာရှိတွေက သုံးသပ်ထားပါတယ်။

တပ်ပြို၊ တပ်ပျက်ခြင်း

၂၀၂၃ ခုနှစ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း အလှည့်အပြောင်းတွေ များစွာဖြစ်ပျက်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ တစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ စစ်အသုံးစရိတ်ပိုများလာတာ၊ ရာထူးကြီးအဆင့်ရှိသူတွေကို တပ်က အရေးပြန်ယူရတာ၊ တပ်ပြေးနဲ့ တပ်တွင်းအပြစ်တွေနဲ့ ထောင်ကျနေသူတွေကို စစ်ကောင်စီက ရှေ့တန်းပြန်လွှတ်တာ၊ တပ်ကိုစွန့်ခွာမှုများလာလို့ အောက်ခြေတပ်သားတွေကို စည်းကမ်းတင်းကြပ်လာတာ၊ ရှေ့တန်းစခန်းတွေမှာ အလံဖြူထောင်ပြီး အလင်းဝင်တာတွေအပါအဝင် အခြားဖြစ်စဉ်တွေ ဖြစ်ပျက်ခဲ့ပါတယ်။

ဒီအခြေအနေတွေကို ကာမိနိုင်ဖို့ ခွင့်မဲ့နဲ့ စစ်ပြေးတွေအပြင် စစ်မှုထမ်းဟောင်းတွေအနေနဲ့ ထပ်မတော်မှာ အမှုပြန်လည်ထမ်းဆောင်ဖို့ တောင်းဆိုခဲ့မယ်ဆိုရင် နီးစပ်ရာတပ်တွေမှာ စစ်မှုပြန်ထမ်းခွင့်ပြုမယ်လို့ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက အဲဒီလို ပြောဆိုမှုအပြီး ပုသိမ်အကျဉ်းထောင်က စစ်ပြေးနဲ့ ရဲပြေး အကျဉ်းသား ၁၀၀ ကျော် ၊ရခိုင်ပြည်နယ်အတွင်းက စစ်တွေ ကျောက်ဖြူ နဲ့ ဘူးသီးတောင် အကျဉ်းထောင်တွေက စစ်ပြေးရဲပြေး အကျဉ်းသားဟောင်း ၆၀၀ ကျော်၊ ပေါင်းတည်နဲ့ ပြည်အကျဉ်းထောင်တွေက စစ်ပြေးနဲ့ ရဲပြေး ၅၀ ကျော်တို့ကို ခံဝန်ထိုးပြီး စစ်ကောင်စီတပ်က လာရောက်ခေါဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ အခုနှစ်အစောပိုင်းကစပြီး အောက်ခြေတပ်သားတွေကို ခရီးမသွားဖို့ တပ်အပြင်မထွက်ဖို့ ချော့တစ်ခါ ခြောက်တလှည့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တပ်သားတွေကနေ မိသားစုဝင်တွေအထိ မှတ်ပုံတင်သိမ်းဆည်းထားပြီး အချို့ဒေသတွေမှာ ဖုန်းပါသိမ်းထားတာလို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စာရင်းတွေအရ အာဏာသိမ်းစကနေ ၁၀၂၇ စစ်ဆင်ရေးတွေ မတိုင်ခင်အထိ အကြမ်းမဖက် အာဏာဖီဆန်ရေး  CDM ပါဝင်လာသူနဲ့ CDM လုပ်ဖို့ ဆက်သွယ်ထားသူ ၁၅,၀၀၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေနောက်ပိုင်းမှာတော့ ရှေ့တန်းစခန်းတွေမှာ လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ထောင်နဲ့ချီရှိလာသလို နောက်တန်းကနေ CDM ဝင်ဖို့ ဆက်သွယ်လာသူတွေလည်း များလာတယ်လို့ NUG ရဲ့ လက်အောက်ခံ CDM တပ်သားတွေကို စီစစ်လက်ခံပေးနေတဲ့ မေမေ့ရင်ခွင်အဖွဲ့ဆီက သိရပါတယ်။

စစ်ဆင်ရေးစပြီး တစ်လအတွင်းမှာပဲ စစ်ကောင်စီရဲ့ ဗိုလ်မှူးရာထူးအဆင့်ရှိသူ ၂ဦးနဲ့ ဗိုလ်ကြီး ၇ဦးခန့် CDM လုပ်ဖို့ ဆက်သွယ်လာတယ်လို့  မေမေ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တပ်ပျက်စေတဲ့ စခန်းသိမ်းတိုက်ပွဲများနှင့် သမိုင်းသစ်တော်လှန်ရေး

၂၀၂၃ ခုနှစ် နှောင်းပိုင်း ကာလတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နိုင်ငံအနှံ့စစ်ဆင်ရေး အရှိန်မြှင့်လာခဲ့တာကြောင့် စစ်ဘောင်လည်း ကျယ်လာပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် AA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAနဲ့  တအောင်းအမျိုးသား လွတ်မြောက်ရးတပ်မတော် TNLA တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ပါတယ်။

များမကြာမီမှာပဲ ကရင်နီပြည်နယ်မှာ ၁၁.၁၁ စစ်ဆင်ရေး၊ စစ်ကိုင်းတိုင်းမှာလည်း ၁၀၂၇ စစ်ဆင်ရေးတွေကို ဖော်ဆောင်လာပြီး ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာလည်း တကျော့ပြန်စစ်ပွဲတွေ စတင်ခဲ့ပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီကို စစ်ကြေညာချက်နဲ့အတူ ရှမ်းမြောက်အတွင်း စတင်ခဲ့ပြီး စစ်တပ်စခန်းတွေ လုံခြုံ‌ရေးယူထားတဲ့ နေရာတွေကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်း ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို ရခိုင်မှာလည်း အလားတူပါ။

၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း ရှမ်းမြောက်နဲ့ ရခိုင်မှာ စစ်ကောင်စီရဲ့တပ်စခန်းအကြီးအသေး စုစုပေါင်း ၄၀၀ ကျော်နဲ့ မြောက်များစွာသော စစ်ရေးလက်နက်တွေကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ရရှိထားပါတယ်။

ဒါ့အပြင် ရှမ်းမြောက်ရှိ နယ်စပ်မြို့တွေဖြစ်တဲ့ ချင်းရွှေဟော် ၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ ကုန်းကြမ်း မြို့တို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ထားနိုင်ပြီး နမ့်ဆန်မြို့ကိုတော့ တအာင်းတပ်မတော် TNLA က အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။

တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်သမိုင်းကို ပြောင်းလဲပေးလိုက်တာကတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး တပ်ရင်းနှစ်ရင်းဟာ MNDAA ထံ လက်နက်ချအလင်းဝင်လာခဲ့တဲ့ ဖြစ်စဉ်ပါ။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းဒေသရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၁၂၅) ခြေလျင်တပ်ရင်း တစ်ရင်းလုံး အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်လာသူ ၂၇၂ ဦး ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့မှာလည်း ကိုးကန့်အထူး(၁) ရှီးရှမ်းဒေသ၊မန်းလော်ရွာအုပ်စု ရန်ခွမ့်ရွာက လောက်ကိုင် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၂၉) ခြေမြန်တပ်ရင်း တစ်ရင်းလုံးနဲ့ မိသားစုဝင်တွေပါ MNDAA ထံ လက်နက်ချ အလင်းဝင်ထားတာပါ။

စစ်ကောင်စီ အမှတ်(၁၂၉) ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၆ ဦးနဲ့ တပ်မိသားစုဝင် ၁၃၄ ဦး ပါဝင်ပြီး သူတို့တွေကို ဦးဆောင် အလင်းဝင်လာသူကတော့ ဗိုလ်မှူးကျော်ရဲအောင် ဖြစ်ပါတယ်။

အဲဒီတပ်ရင်း အလင်းဝင်မှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်ကောင်စီရဲ့ တပ်ရင်းတစ်ခုလုံး ပြည်သူ့ရင်ခွင်ခိုလှုံမှုဖြစ်သလို ၁၉၈၈ နောက်ပိုင်း စစ်တပ်သမိုင်းမှာလည်း ပထမဆုံး ဖြစ်ရပ်ပါ။

ဒါတွေကတော့ စစ်ခေါင်းဆောင်ကြောင့် ဖြစ်လာတဲ့ ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းနဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်တပ်ရဲ့ တပ်ပျက်နေတဲ့ အခြေအနေတွေကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ စစ်တပ်ဟာ ပျက်ရုံတင်မကဘဲ အလုံးစုံ ချေမှုန်းခံရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.