အာဏာရှင် လက်သစ်ခေတ်မှာ အရံဟင်း တစ်ခွက်က ပြည်သူတို့အတွက် အကောင်းဆုံးဟင်းလျာ ဖြစ်လာ

0
1751

မနက်မိုးလင်းလို့ တစ်နေ့တာ မဖြစ်မနေ စားသောက်ဖို့အတွက် ဈေးထဲကို ဝင်လိုက်တယ်ဆိုတာနဲ့ အရင်ဆုံးကြားရတဲ့ စကားသံတွေကတော့ “အရင်ဈေးနဲ့ မရတော့ဘူး၊ အခုက အကုန်လုံးဈေးတွေ တက်နေပြီး၊ ဈေးလျှော့လို့မရဘူး”ဆိုတဲ့ စကားသံတွေဟာ ဈေးတစ်ခုလုံးမှာ ရှိတဲ့ ဈေးရောင်းသူတွေရဲ့ လက်သုံး စကားလို ဖြစ်နေပါတယ်။


ဈေးထဲမှာတော့ အသားငါး ရောင်းချသူတွေ၊ အသီးအရွက်ရောင်းချသူတွေ၊ ကုန်ခြောက်ကုန်စို ရောင်းချသူတွေနဲ့ စည်ကားနေပေမယ့် ဈေးဝယ်ယူသူတွေကတော့ အရင်လိုများများစားစား မတွေ့ရတော့ဘဲ ကျိုးတိုးကျဲတဲ လာရောက်ဝယ်ယူ နေကြတာကို တွေ့ရပါတယ်။


အိမ်ရှင်မတွေနဲ့ ဈေးဝယ်သူတွေကတော့ တစ်နေ့တာချက်ပြုတ်ဖို့အတွက် ဈေးခြင်းတောင်းတွေ ကိုယ်စီကိုင်ကာ ဈေးဆိုင်တွေက စားသောက်စရာ ပစ္စည်းတွေကိုကြည့်ပြီး ချီတုံချတုံနဲ့ ဝယ်ရမလိုလို မဝယ်ဘဲ နေရမလိုလိုနဲ့ လက်ထဲကပိုက်ဆံကိုကြည့်ကာ တွေတွေဝေဝေဖြစ်နေတဲ့ ဈေးဝယ်သူတွေကိုလည်း ဈေးထဲမှာ မြင်ရပါတယ်။


စစ်တပ်အာဏာမသိမ်းခင်က မိသားစုဝင် (၃)ဦး ရှိတဲ့ မိသားစုတစ်စုဟာ ငွေ ၅,၀၀၀၊ ၆,၀၀၀ ရှိယုံနဲ့ မိသားစုထမင်းဝိုင်းမှာ အသားဟင်း၊ အသီးအရွက်ကြော်၊ အရည်သောက်၊ ငပိရည်တို့စရာအစုံနဲ့ စိုစိုပြည်ပြည် စားသောက် နိုင်ခဲ့ကြတာပါ။


အာဏာသိမ်း ပြီးနောက်မှာတော့ ငွေ ၅,၀၀၀၊ ၆,၀၀၀ ရှိယုံနဲ့ ဟင်းကောင်းတမယ်ကို ဖန်တီးလို့ မရတော့သလို အသီးအရွက်ကြော်စားဖို့တောင် လုံလောက်အောင် မဝယ်ယူနိုင်တဲ့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။


“ကုန်ဈေးနှုန်းတွေက အတက်ပဲရှိပြီး အဆင်းကတော့ မရှိဘူး ဖြစ်နေတယ်၊ ၂၀,၀၀၀ တန် ထွက်မယ်ဆိုလည်း တက်တာပဲ၊ မြဝတီလမ်း ပျက်တယ်ဆိုလည်း တက်တာပဲ၊ ဘယ်တော့မှ ဈေးကျတယ်ဆိုတာမရှိဘူး၊ အတက်ပဲရှိတယ်၊ ဈေးကျတယ်ဆိုတာ ဒီကာလမှာ ကြားတောင် မကြားဖူးတော့ဘူး”လို့ အိမ်ရှင်မတစ်ဦးက ညည်းတွားပါတယ်။


နိုင်ငံအာဏာကို အတင်းအဓမ္မရယူထားတဲ့ စစ်ကောင်စီကတော့ ဒီလိုကုန်ဈေးနှုန်းတက်တာဟာ ဝိသမလောဘသား ကုန်သည်တွေကြောင့်လို့ သူခိုးက လူလိုဟစ်ပါတယ်။ 
ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဆိုတာဖွဲ့ပြီး ကုန်သည်တွေကို ဖမ်းမယ်ဆီးမယ်လို့ ခြိမ်းခြောက်ပါတယ်။ ကုန်ဈေးနှုန်း တည်ငြိမ်ဖို့၊ ကျဆင်းဖို့ ဘယ်လိုပဲကြိုးစားပေမယ့် စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့် ကုန်ဈေးနှုန်းကို ထိရောက်အောင် ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။


ပြည်သူတွေကို သတ်ဖြတ်၊ ပြည်သူ့နေအိမ်တွေကိုမီးရှို့၊ လေယာဉ်နဲ့ဗုံးကြဲ စတဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာက စစ်ကောင်စီကို အကြီးအကျယ်ပိတ်ဆို့ ပစ်ဒဏ်ပေးပါတယ်။ 

ဒီအခါမှာ ဖြစ်ပေါ်လာတဲ့ ကျပ်ငွေကြေးတန်ဖိုး ကျဆင်းမှုဟာလည်း တစ်စနဲ့တစ်စ ပိုမိုဆိုးရွားလာပြီး ပြည်ပကတင်သွင်းနေရတဲ့ အခြေခံစားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းအားလုံးကို ပြည်သူတွေလက်လှမ်းမီဖို့ ခက်ခဲလာပါတယ်။


ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေး ၁ ပြည်ကို ကျပ် ၂,၃၅၀ ဝန်းကျင်သာ ရှိရာမှ လက်ရှိ ကျပ် ၆,၀၀၀ ကျော် အထိ ခုန်တက်သွားပါတယ်။ ဆန်ကြမ်း ၁ ပြည်ကို ကျပ် ၈၀၀ ဝန်းကျင်ကနေ ၃,၅၀၀ ကျော် ဝယ်ယူရပြီး ၄ ဆ တက်သွားပါတယ်။

ကြက်ဥ တစ်လုံးဟာ ဆိုရင်လည်း ကျပ် ၁၀၀ မှ ၃၀၀ ကျော်၊ ကန်စွန်းရွက် ၁ စည်း ၁၀၀ ဝန်းကျင်မှ ကျပ် ၅၀၀ အထိရောက်ရှိလာခဲ့ပါတယ်။


“အခုက ဘာဖြစ်နေလဲဆိုတော့ ကန်စွန်းရွက်ကြော် စားနိုင်ရင်ကို သူဌေးဖြစ်နေပြီ အရင်တုန်းက ဆိုရင် ပိုက်ဆံမရှိတဲ့သူတွေက ကြက်ဥပြုတ်နဲ့ နှစ်ပါးသွားရတယ်တို့ ဒီလိုမျိုးတွေ ညည်းညူ ကြတယ်ပေါ့နော်၊ ဒါပေမယ့် အခုက ကြက်ဥစားနိုင်ရင်ကိုမှ တော်တော်ကြီးကို ဟင်းကောင်းလို့ ပြောလို့ ရနေတဲ့ အနေအထားဖြစ်နေပြီ”လို့ အိမ်ရှင်မ တစ်ဦးက ဆိုပါတယ်။


အခုလို ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတဲ့အပြင် နေ့စဉ်နီးပါး ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ် နေပေမယ့် ပြည်သူတစ်ဦးရဲ့ နေ့စဉ်ဝင်ငွေတွေကတော့ ပုံမှန်အတိုင်း ပြောင်းလဲခြင်းမရှိသလို ငွေတန်ဖိုး ကျဆင်းလာတာကြောင့်လည်း ဒီနေ့ ပိုင်ဆိုင်တဲ့ ငွေ ၁၀၀ ဟာ နောက်နေ့မှာ ၇၀ ကျပ်သာ တန်ဖိုးရှိတော့တဲ့ သဘောဖြစ်နေပါတယ်။


ဒီလို ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ လုပ်ခလစာ ဒုံရင်းဒုံရင်းဖြစ်နေတာအပြင် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားတာ၊ ပြည်တွင်းရှိ လုပ်ငန်းအများစု အပြည့်အဝမလည်ပတ်နိုင်တာနဲ့ လုပ်ငန်းလျော့ချတာတွေကြောင့် အလုပ်အကိုင် ရှားပါးတဲ့ဒဏ်ကလည်း တစ်ပူပေါ် နှစ်ပူဆင့်နေပါတယ်။


လက်ရှိလုပ်ငန်းခွင်တွေမှာ လုပ်အားနဲ့မျှတတဲ့ အရင်လိုလုပ်ခလစာတွေ အပြည့်အဝမရရှိတော့သလို လုပ်ခလစာတွေပါ လျော့ချခံရတာတွေ ရှိလာတဲ့အတွက် ကုန်ဈေးနှုန်းနဲ့ ဝင်ငွေ၊ထွက်ငွေကြားမှာ မမျှတတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပြီး ကြုံသလိုဖြေရှင်းနေရတယ်လို့ ဆောက်လုပ်ရေးလုပ်သား တစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့ ဆောက်လုပ်ရေးသမားတွေဆိုရင် နောက်လိုက်ဆိုရင် တစ်နေ့ ၉,၀၀၀ ပဲရတယ်၊ အဲ့ဒီတော့ ဆီတစ်ပိဿာ ၁၀,၀၀၀ ဖြစ်နေတဲ့ ခေတ်ကာလမှာ ဘယ်လိုမှအဆင်မပြေဘူးပေါ့၊ ဒါပေမယ့် အလုပ်မရှိတာနဲ့စာရင် အလုပ်ရှိတာကတော်သေးတယ်ဆိုပြီး လုပ်နေကြရတာပဲ၊ အလုပ်အကိုင်က ပုံမှန် ပြန်မရဘူး၊ ပိတ်သိမ်း တာတွေက များနေတော့ ဒုက္ခရောက်နေကြတာပဲ တချို့မိသားစုတွေဆိုရင် ငပိရည်နဲ့စားတာနဲ့ ဆားနဲ့စားတာနဲ့ ဗိုက်ပြည့်ဖို့ပဲ ဦးစားပေး ရတာပေါ့”လို့ ဆိုပါတယ်။


အရင်က မိသားစု ၃ ယောက်ရှိတဲ့ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးတစ်ယောက် အလုပ်လုပ်ယုံနဲ့ မိသားစုအားလုံး လုံလောက်အောင်စားသောက်လို့ ရတဲ့အပြင် စုဆောင်နိုင်တဲ့ အခြေအနေကနေ အာဏာသိမ်းမှုနောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အထွေထွေအကျပ်အတည်းကြောင့် အနည်းဆုံး မိသားစုဝင် ၂ ယောက် အလုပ်ပုံမှန်လုပ်နိုင်မှသာ တစ်နေ့တာအတွက် ဝမ်းရေးဖြေရှင်းနိုင်တော့တာ ဖြစ်ပါတယ်။

အရင်လို စားသောက်ကုန်တွေ ပေါပေါလောလော ဝယ်ယူနိုင်တဲ့ အခြေအနေ မဟုတ်တော့ဘဲ အရင်က အရံဟင်းအဖြစ်သာ စားသောက်ခဲ့တဲ့ ဟင်းတစ်ခွက်ဟာဆိုရင်လည်း လက်ရှိမှာ အကောင်းဆုံး ဟင်းတစ်ခွက်အဖြစ်နဲ့ စားသောက်နေရတာပါ။


အငှားယာဉ်မောင်းအလုပ်ကို လုပ်ကိုင်တဲ့ အမျိုးသားရဲ့ ပုံမှန်မရှိတဲ့ အမျိုးသားရဲ့ဝင်ငွေနဲ့ အိမ်ငှားစရိတ်၊ Owner အတွက် ပေးရငွေ စတာတွေကို တွက်ချက်လိုက်တဲ့အခါ မီးဖိုချောင်သုံးစရိတ်ပင် မကျန်တော့ဘူးလို့ ဆိုပါတယ်။

“တစ်နေ့ကို ဟင်းချက်စရာပဲ ကျန်တာဘာမှ မပါရင်တောင်မှ ၄,၀၀၀ လောက်ကုန်တယ် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် မပါဘူးပေါ့၊ အဲ့လိုမျိုးဝယ်စားရတာဆိုတော့ ပုံမှန်တော့ ဝင်ငွေထွက်ငွေမမျှ နေဘူးပေါ့၊ ဟိုအရင်ကဆို တစ်နေ့ကို ၄,၀၀၀၊ ၅,၀၀၀ ဝင်ယုံနဲ့ ကိုယ့်မိသားစုမှာ စားလောက်တယ်”လို့ ဆိုပါတယ်။


လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း အခြေအနေနဲ့ အလုပ်အကိုင်အခက်အခဲတွေကြောင့် တစ်နေ့တာ ထမင်းနပ်မှန်ဖို့အတွက် မနည်းရုန်ကန်နေရတာကြောင့် အရင်လိုအဟာရ ပြည့်ဝတဲ့ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေ မစားသောက်နိုင် ကြတော့ပါဘူး။


အဟာရပြည့်ဝတဲ့ အစားအစာတွေကို မစားသောက် နိုင်တော့တဲ့အတွက် ရောဂါ ဖြစ်ပွားတဲ့အခါ ကိုယ်ခံအားတွေ မရှိတော့တာကြောင့် ရောဂါပြင်းထန်မှုတွေ ပိုမိုကြုံရနိုင်တယ်လို့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။ ရောဂါပိုမို ဖြစ်ပွားလာသလို ရောဂါ ဖြစ်ပွားပါကလည်း အသည်းအသန်ဖြစ်တာ များလာတာကြောင့် ဒီနှစ်ပိုင်းထဲ လူ့သက်တမ်း တိုလာမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။


“ရောဂါဖြစ်တဲ့ အခါမှာလည်း ကုဖို့ဆေးကလည်း လွယ်လွယ်ကူကူ မရတဲ့အခါမှာ ကျန်းမာရေး ပိုဆိုးရွား လာတာပေါ့၊ တော်တော်များများတော့ ရောဂါဖြစ်ပြီဆိုရင် တော်တော်လေးကို အသည်းအသန် ဖြစ်တာများတယ်၊ အသက်ကြီးပိုင်း ဆိုလို့ရှိရင်လည်း ဖြစ်ရင်ကုလို့ မရတော့ဘဲနဲ့ ဆုံးပါးသွားတာများတယ်၊ ပြည်သူ့ကျန်းမာရေး အခြေအနေတော့ သက်တမ်းတိုလာလိမ့်မယ် သိသိသာသာကို ဒီနှစ်ပိုင်းထဲမှာ”လို့ ဆိုပါတယ်။


ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့လည်း အဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ မစားသောက် နိုင်တော့ပါက မွေးလာတဲ့ ကလေးတွေ အဟာရချို့တဲ့ပြီး မွေးရာပါ မသန်စွမ်းတွေ ဖြစ်လာနိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုတယ်လို့လည်း သူက သတိပေးပါတယ်။


မြန်မာနိုင်ငံဟာ အခြေခံစားသောက်ကုန်တွေကအစ ပြည်ပကနေ တင်သွင်းအသုံးပြုနေရတာကြောင့် နိုင်ငံခြားငွေဈေးနှုန်း အနည်းငယ် မြင့်တက်ယုံနဲ့ ပြည်တွင်းမှာ ရိုက်ခတ်မှုကြီးမားပါတယ်။

စစ်ကောင်စီကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ကျဆင်းစေဖို့ဆိုပြီး ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဆိုပြီး ဇွန်လ ၂၇ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။


အခုလိုကော်မတီဖွဲ့စည်းတာဟာ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်မှုကို ရှေးရှုပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းများ အပါအဝင် ကုန်ဈေးနှုန်း တည်ငြိမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ရန်လို့ ဆိုပါတယ်။ လက်တွေ့မှာတော့ ဒီကော်မတီရဲ့ ရေရာတဲ့စွမ်းဆောင်ချက် ဘာတစ်ခုမှ မတွေ့ရသေးဘဲ ကုန်ဈေးနှုန်းကတော့ တက်မြဲတက်ဆဲပါပဲ။

အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ ဈေးနှုန်း တည်ငြိမ်းရေးကို ဦးစားပေးဖို့၊ အခြေခံစားကုန်ပစ္စည်း တစ်မျိုးစီရဲ့ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နဲ့ ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကိုချိန်ဆပြီး ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ဖို့ အပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကြီးကြပ်ဖို့ဆိုတဲ့ လုပ်ငန်း တာဝန်တွေ ပါဝင်ပေမယ့် လက်ရှိအချိန်ထိ အကောင်အထည် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။


ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီတွေကို ပြင်ဆင်ဖွဲ့စည်း လိုက်ပေမယ့် လက်ရှိ နိုင်ငံခြားငွေတန်ဖိုး မြင့်တက်မှု၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကို မထိန်းချုပ်နိုင် ကုန်ဈေးနှုန်းကတော့ တက်ဆဲပါပဲ။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁,၃၀၀ ဝန်းကျင်သာ ရှိခဲ့ပါတယ်။ စစ်ကောင်စီ လက်ထက်မှာတော့ ကျပ် ၄,၀၀၀ ဝန်းကျင်ထိ မြင့်တက်လာသလို ထိုင်းဘတ်ငွေဈေးနှုန်းကလည်း ၁ ဘတ်ကို ကျပ် ၃၀ ဝန်းကျင်မှ ကျပ် ၁၀၀ ဝန်းကျင်ထိ ရောက်ရှိလာခဲ့ပါတယ်။


အာဏာသိမ်းမှုရဲ့ ဂယက်အဖြစ် ကျပ်ငွေတန်ဖိုး ကျဆင်းတာအပြင် အခြေခံစားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေဟာလည်း အနည်းဆုံး ၃ ဆမှ ၅ ဆ အထိ မြင့်တက်လာခဲ့တာပါ။ 


ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေး နာလန် မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့်လည်း တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အာဏာရူးတစ်ယောက်ရဲ့ ဥပဒေမဲ့လုပ်ရပ်ကြောင့် လူပေါင်း ၄၀၀၀ နီးပါးသေဆုံး၊ သောင်းနဲ့ချီ ထောင်ချခံထားရပြီး ပြည်သူသန်းနဲ့ချီဒုက္ခဝေနေကြရပါတယ်။ 


တိုင်းပြည်အာဏာကို အဓမ္မရယူပြီး ငါသိ၊ ငါတတ်လုပ် ထိန်းချုပ်ခဲ့ပါတယ်။ ဒီ့အတွက် ရလာဒ်ကတော့ နှုတ်ခမ်းမွှေးမနိုင်ဘဲ ပဲကြီးဟင်းသောက်တဲ့ ဘဝမျိုး စစ်ခေါင်းဆောင်ကြုံနေရပါပြီ။ ပြည်သူတွေကတော့ အရင်က အရံဟင်းအဖြစ် စားခဲ့ကြတဲ့ ဟင်းတစ်ပွဲဟာ အခုတော့ အကောင်းဆုံးဟင်းလျာအဖြစ် စားသုံးနေကြရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.