ရေစကြို – နိုဝင်ဘာ ၁၁

မကွေးတိုင်း၊ရေစကြိုမြို့နယ်က ငြိမ်းဇာနည်စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး စစ်မှုထမ်းဟောင်းရုံးတစ်ခုဖြစ်တဲ့ ငြိမ်းဇာနီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အလံဖြုတ်သိမ်းနိုင်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တာပါ။

“နှစ်ထပ်တိုက်ပါ။ အောက်ထပ်ကိုတော့ သိမ်းပြီးသွားပြီ။ အပေါ်ထပ်ကိုလည်း လေးဆယ်မမ နှစ်လုံးပစ်ပြီးသွားပြီ။ သူတို့ရဲ့အလံကိုတောင်ချနေပါပြီ။ စခန်းကိုသိမ်းနိုင်တော့ဖို့ လုံးဝကိုပါးစပ်ထဲကိုရောက်နေပါပြီ။” လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စခန်းသိမ်းပိုက်လုနီးပါးဖြစ်ခဲ့ပေမယ့် စစ်ကူလာမယ့်လမ်းကို ဖြတ်တောက်တဲ့အဖွဲ့ဟာ အင်အားနည်းတာကြောင့် အရေးပေါ်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူက ပြောပါသေးတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၅ ဦးထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲကို YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့၊Popa Production & Guerilla Force (PPGF၊မြောင်တပ်ပေါင်းစုနဲ့ Thway Thauk Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပြီး တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီဘက်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းနဲ့ မြောင်မြို့နယ်ကြားမှာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကြောင့် မကွေးတိုင်းမှာ စစ်ကောင်စီဘက်က လုံခြုံရေး ပိုမိုတင်းကျပ်ထားသလို စစ်ဆေးမှုတွေလည်း ပိုမိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MBT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.