လားရှိုး၊ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။

ရှမ်းမြောက်ပိုင်းမှာ ၂ ပတ်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးဆုံး စစ်ရေးစိန်ခေါ်မှုဖြစ်နေတာပါ။

တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်သွားတဲ့အတွက် ဈေးကွက်ထဲမှာရှိတဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေသလို တိုက်ပွဲစဖြစ်ထဲက ကုန်ကားဝင်တာတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပုံမှန်အချိန်တွေမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရုတ်ပြည်ကိုတင်သွင်းမယ့် သီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေ သယ်ဆောင်ထားတဲ့ ကုန်တင်ကားရာနဲ့ချီသွားလာနေသလို လျှပ်စစ်ပစ္စည်း၊ဆေးဝါးနဲ့ စားသုံးကုန် တင်သွင်းမှုတွေ ရှိခဲ့တာပါ။

“တိုက်ပွဲတွေမဖြစ်ခင်မှာ ဆန်ဈေးက တအိတ်ကို ၁၆၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ အခုတော့ ၁၉၀,၀၀၀ ဖြစ်သွားပါပြီ၊ တိုက်ပွဲအချိန်ကာလ ကြာလာတာနဲ့အမျှ ကျနော်တို့ အားလုံးအတွက် ရပ်တည်ရေး အခက်အခဲတွေ ကြုံလာရတော့မှာပါ” လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက AFP ကို ပြောခဲ့ပါတယ်။

ယူနန်ခရိုင်ဒေသန္တရနဲ့ နောက်ထပ်နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်နေတာဖြစ်ပါတယ်။

ချင်းရွှေဟော်နဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ ဒီနှစ် ဧပြီလကနေ နိုဝင်ဘာလ အထိ နယ်စပ်ကုန်သွယ်ရေး စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၃၂ ဘီလျံရဲ့ သုံးပုံတစ်ပုံကျော် အထိရှိခဲ့တယ်လို့ စစ်ကောင်စီကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မူဆယ်မြို့ကိုဖြတ်သန်းပြီး တရုတ်ပြည်ထဲကိုဝင်ရောက်သွားတဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုတန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိရှိခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အဲဒီအချက်အလက်တွေထဲမှာ မှောင်ခိုဈေးကွက်ကတဆင့် နယ်စပ်ကိုဖြတ်ကျော်ကူးသန်းထား တဲ့ ပစ္စည်းတွေမပါဝင်ဘူးလို့ သိရပါတယ်။

ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက သူတို့ရဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်တာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.