ကိဗ်၊ နိုဝင်ဘာ ၁၂

ရုရှားအနေနဲ့ ဆောင်းရာသီမတိုင်မီ ယူကရိန်းရဲ့လျှပ်စစ်စနစ်တွေကို ထပ်မံပစ်မှတ်ထားပါက ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အဦတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မော်စကိုက ယူကရိန်းရဲ့ မဟာဓာတ်အားလိုင်းတွေကို ဖြိုဖျက်ကာ ပြည်သူတွေကို အမှောင်ထဲနဲ့ အအေးထဲ တွန်းပို့ဖို့ ကြိုးစားနေတာကြောင့် ဒီလိုလက်တုံ့ပြန်မှာဖြစ်တယ်လို့ Politico သတင်းစာကို ဖြေကြားခဲ့တာပါ။

ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာအတွင်းမှာပဲ အကြိမ် ၆၀ မျှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“သူတို့(ရုရှား) လုပ်သလိုပဲ တူညီတဲ့ပုံစံနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ကျွန်တော်တို့ ပြန်လည်တိုက်ခိုက် တုံ့ပြန်ပါမယ်” လို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန်ဂဲလုရှန်က ဆိုခဲ့တာပါ။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံကို ပစ်မှတ်ထားတိုက်တဲ့အတိုင်း ပြန်လည်တုံ့ပြန်မယ်လို့ ပြောဆိုပြီး တစ်လအကြာမှာပဲ စွမ်းအင်ဝန်ကြီးရဲ့ အခုလိုမှတ်ချက်က ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းစွမ်းအင်ဝန်ကြီးဟာ အမေရိကန်နိုင်ငံသို့ရောက်ရှိစဉ်မှာ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနအတွင်း ရေးမှူး ဂျနီဖာ၊ စွမ်းအင်အရင်းအမြစ်ဆိုင်ရာ နိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီးနဲ့ ဥပဒေပြု လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။  

Politico သတင်းစာရဲ့ အဆိုအရ ယူကရိန်းစွမ်းအင်ဝန်ကြီးဟာ အမေရိကန် ဝေဟင်ကာကွယ်ရေးစနစ်တွေအတွက် လိုအပ်တဲ့နည်းပညာအကူအညီတွေရရှိဖို့ စည်းရုံးနေတယ်လို့လည်း သိရပါတယ်။

အထူးသဖြင့် အောက်လွှတ်တော် ရီပတ်ဘလီကန်တွေကြားမှာ ယူကရိန်းကိုထောက်ခံမှု ဆုတ်ယုတ်နေတဲ့ အချိန်အတွင်း ဝန်ကြီးရဲ့ခရီးစဉ်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲကြောင့် အစ္စရေးအတွက်အကူူအညီပေးနေရချိန်မှာပဲ ယူကရိန်းအတွက် အကူအညီ ပေးနိုင်ဖို့ကိုလည်း အမေရိကန်လွှတ်တော်အနေနဲ့ ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။

အထူးသဖြင့် ဂါဇာနဲ့ ဟားမတ်စ်စစ်ပွဲကြားမှာ အစ္စရေးရဲ့ အကူအညီလိုအပ်မှုကို ကျော်ဖြတ်ရန် ကွန်ဂရက်အနေဖြင့် ဆက်လက်ရုန်းကန်နေရတဲ့ ပြဿနာတစ်ရပ်ဖြစ်နေခဲ့ပါတယ်။

Ref: Newsmax

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.