ဟွန်းတီး ဥဩဆွဲပြီး အာဇာနည်တွေကို ဟန်ဆောင်ချစ်ပြနေတဲ့ စစ်ကောင်စီ

0
3751

ပြီးခဲ့တဲ့ စစ်အစိုးရများလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေ အစိုးရရုံးခန်းတွေမှာ ချိတ်ဆွဲခွင့်မပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ရုံးခန်းတွေက ဖြုတ်ချခိုင်းတာတွေဟာ စစ်အုပ်စုရဲ့ အာဇာနည်ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ သဘောထားကို ပေါ်လွင်ပြီးဖြစ်ပါတယ်။

သံလွင်တိုင်းမ်/ထက်ထက်အောင်


ဒီနှစ် ဇူလိုင်လ ၁၉ ရက်ဟာ  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြရတဲ့ ဝမ်းနည်းဖွယ်အထိမ်းအမှတ်ဖြစ်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မတရားသဖြင့် တစ်ကျော့ပြန် အာဏာသိမ်းကာလမှာ ကြုံတွေ့ရတဲ့  စိတ်မချမ်းမြေ့ဖွယ် တတိယအကြိမ်မြောက် အာဇာနည်နေ့လည်း ဖြစ်ပါတယ်။
အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့ရတဲ့ ဇူလိုင် ၁၉၊ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ဥဩဆွဲဖို့ မော်တော်ယာဉ်တွေ ဟွန်းတီးပြီး ဝမ်းနည်းကြောင်း ပြသဖို့ လက်အောက်ခံ ရုံးဌာနအသီးသီးကို စစ်အုပ်စုက အမိန့်ပေးခဲ့ပါတယ်။


အာဏာသိမ်းပြီးကတည်းက လူပေါင်း ၂၀,၀၀၀ နီးပါးကို ထောင်သွင်းအကျဉ်းချပြီး လူပေါင်း ၄,၀၀၀ နီးပါးကိုသတ်ဖြတ် ပြည်သူ့အိုးအိမ်ပေါင်း ၇၀,၀၀၀ နီးပါးကို မီးရှို့ပြီး လူပေါင်း သန်းနဲ့ချီကို စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့တဲ့ စစ်ကောင်စီက အာဇာနည်နေ့မှာ ဝမ်းနည်းကြောင်း ပြသဖို့ အမိန့်ပေးတာဟာ ပြည်သူတွေအတွက်တော့ ပြောင်မြောက်တဲ့ဟာသ တစ်ခုပဲ ဖြစ်နေမှာပါ။ 


တမလွန်က အာဇာနည်ခေါင်းဆောင်ကြီးများလည်း ဒီလို စစ်ကောင်စီရဲ့ ဝမ်းနည်းကြောင်း ပြသမှုကို အယုံအကြည်ရှိမယ်လို့ မထင်ပါ။
ပြီးခဲ့တဲ့ စစ်အစိုးရများလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေ အစိုးရရုံးခန်းတွေမှာ ချိတ်ဆွဲခွင့်မပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ရုံးခန်းတွေက ဖြုတ်ချခိုင်းတာတွေဟာ စစ်အုပ်စုရဲ့ အာဇာနည်ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ သဘောထားကို ပေါ်လွင်ပြီးဖြစ်ပါတယ်။


၂၀၁၅ ခုနှစ် လွှတ်တော်အတွင်း ဆွေးနွေးမှုတွေမှာ အာဇာနည်တွေ ကျဆုံးချိန် မော်တော်ယာဉ်တွေ ဟွန်းတီးပြီး ဝမ်းနည်းကြောင်း ပြသဖို့ လွှတ်တော်အမတ်အချို့ ဆွေးနွေးခဲ့ပါတယ်။ 


ဒါပေမယ့် လူဦးရေထူထပ်တာ၊ ယာဉ်များပြားလာတာ၊ ပြည်သူများ အထိတ်တလန့်ဖြစ်မည်စိုးခြင်း စတဲ့ ယုတ္တိမတန်တဲ့ အကြောင်းပြချက်များနဲ့ လွှတ်တော်အမတ်တွေရဲ့ အဆိုပြုချက်တွေကို စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ထိုစဉ်လွှတ်တော်က ပယ်ချခဲ့ပါတယ်။
အခု တစ်ကျော့ပြန် အာဏာသိမ်းတဲ့စစ်အုပ်စုက မော်တော်ယာဉ်တွေ ဟွန်းတီးပြီး ဝမ်းနည်းကြောင်း ပြသဖို့အမိန့်ပေးတာဟာ ဘီလူးခေါင်းဆောင်းပြီး မင်းသားလုပ်နေတဲ့ လှည့်ကွက်သာ ဖြစ်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်သာနိုင်ပါတယ်။


လက်သစ် အာဏာရှင်အောက်က အာဇာနည်နေ့

မိုးရေတစ်ဖွဲဖွဲကြားမှာ နှစ်စဉ်ကျင်းပရလေ့ရှိတဲ့ အာဇာနည်နေ့မှာ ကျဆုံးလေပြီးတဲ့ အာဇာနည်ကြီးတွေရဲ့ မိသားစုအားလုံးနီးပါး ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ဗိမာန်မှာလာရာက် ဂါရဝပြုလေ့ရှိကြပေမယ့် ၇၄ နှစ်နဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့တွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဘဝင်းရဲ့ မိသားစုဝင်တွေ လာရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
အထူးသဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ချခံထားရလို့ အာဇာနည်နေ့မှာ အဖေဖြစ်သူကို ဂါရဝမပြု ရှိခိုးခွင့် မရခဲ့ပါဘူး။


ကျဆုံးသွားကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပပြီး နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 


အဲဒီနေ့ရောက်တိုင်း အာဇာနည်နေ့အခမ်းအနားတွေကိုကို နိုင်ငံတစ်ဝန်း ဝမ်းနည်းဖွယ် အမှတ်တရအနေနဲ့ ဂုဏ်ပြုပွဲတွေ အားကစားပြိုင်ပွဲတွေ ကျင်းပခဲ့ကြတာပါ။ ဒါပေမယ့် စစ်တပ် ထပ်မံအာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ပြည်သူတွေရဲ့ အာဇာနည်တွေကို ဂုဏ်ပြုမှုဟာ ရင်ထဲမှာသာရှိနေပါတယ်။


“ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကျင်းပတဲ့ အာဇာနည်နေ့ကို သွားလည်းမသွားပါဘူး။ သွားဖို့လည်း လုံခြုံရေးစိတ်ချရတဲ့ အနေအထားမရှိဘူး။ အရင်ကဆိုဗျာ မိသားစုလိုက်  လွမ်းသူပန်းခွေသွားချတယ်။ ဝန်ကြီးများရုံးထဲဝင်ခွင့်ရဖို့ ကလေးကို ကိုယ်တိုင် ပုခုံးပေါ်ထမ်းပြီးစောင့်တာဗျ။အခု တိုင်းရေးပြည်ရေး မကောင်းတော့  လူစုလူဝေးရှိတဲ့ ဘယ်နေရာကိုမှမသွားရဲပါဘူး။ သူတို့လုပ်တဲ့ပွဲတွေကိုလည်း အယုံအကြည်မရှိဘူး” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုပါတယ်။


အရှက်မဲ့ လုပ်ရပ်နဲ့ စစ်အုပ်စုရဲ့ ကျေးဇူးဆပ်မှု


စစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို ခေတ်အဆက်ဆက် မှေးမှိန်ထားခဲ့သလို အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြတဲ့ တိုင်းရင်းသားများအားလုံး တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လျစ်လျူရှုထားခဲ့ပါတယ်။
အာဇာနည်နေ့ကို ဟန်ပြကျေးဇူးဆပ်ပွဲအဖြစ် ပုံဖော်နေပြီး အာဇာနည်ခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသား တန်းတူညီမျှရေး စတာတွေကိုတော့ မျက်နှာလွှဲထားခဲ့ပါတယ်။


စစ်ကောင်စီအနေနဲ့ ပွဲလမ်းသဘင်တွေလုပ်ရုံနဲ့  နိုင်ငံတကာမှာပုံရိပ်တက်လာဖို့ မဖြစ်လာနိုင်တာကြောင့် ပြည်တွင်းရေးအေးချမ်းဖို့အတွက် နိုင်ငံရေးပြဿနာတွေ အေးချမ်း သွားစေဖို့နဲ့ စစ်ရေးပဋိပက္ခတွေချုပ်ငြိမ်းသွားဖို့  အဓိကလုပ်ဆောင်ရမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ထောက်ပြပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ဗမာကြီးစိုးရေးဝါဒကို ခေတ်အဆက်ဆက် လက်ကိုင်ထားပြီး အခြားသော တိုင်းရင်းသားများရဲ့ အာဇာနည်များကို အသိအမှတ်မပြု၊ သက်ဆိုင်ရာ တိုင်းရင်းသားတွေက သူတို့ရဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုပွဲလုပ်ရင်ပင် ဖမ်းဆီးထောင်ချလေ့ရှိတာကြောင့် စစ်အုပ်စုရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ သဘောထားကို မြင်သာနိုင်ပါတယ်။


“အရင်အစိုးရတွေ လက်ထက်မှာ အခြားသော  တိုင်းရင်းသားတွေ အာဇာနည်တွေရဲ့ အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပတဲ့အခါမှာ တရားစွဲဆိုဖမ်းဆီးတာတွေ ထောင်ချတာတွေ လုပ်တာတွေရှိခဲ့ပါတယ်။ တကယ့်တကယ်ကျ ကျွန်မတို့အမြင်အရ အာဇာနည်က ကိုးဦးမကပါဘူး။ ကျွန်မတို့အနေနဲ့ စစ်အုပ်စုလုပ်တဲ့အာဇာနည်နေ့ အခမ်းအနားကို လုံးဝအသိအမှတ်ပြုခြင်း မရှိဘူး။ အာဇာနည်ကတော့ ကိုးဦးမကဘူး အဲဒီနှစ်ချက်ကို အဓိက ပြောချင်ပါတယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဆိုပါတယ်။


သမီးကို ထောင်ချပြီး၊ အဖေ့ကို ဂုဏ်ပြုကြောင်း လိမ်လည်နေတဲ့ စစ်ကောင်စီ


တကယ်တော့ နိုင်ငံ့အာဏာကို မတရားရယူထားတဲ့ စစ်ကောင်စီအနေနဲ့ ပြည်တွင်းအခြေအနေ ငြိမ်းချမ်း နေသယောင် နိုင်ငံတကာအလယ်မှာ ပြသဖို့နဲ့ ကျဆင်းနေနဲ့ပုံရိပ်ကို ဆွဲတင်ဖို့အတွက် အာဇာနည်နေ့ကို ကျင်းပတာပါ။

ဒါဟာ အနှစ်သာရမဲ့ အကာသက်သက်သာ ဖြစ်နေတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအပေါ်အမှန်တကယ် လေးစားမြတ်နိုး တန်ဖိုးထားတယ်ဆိုရင် အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေအစုံအလင် ဂါရဝပြုတက်ရောက်ခွင့်ရတဲ့အခြေအနေကို ဖန်တီးပေးရမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။


“စစ်အစိုးရလက်ထက်တောက်လျှောက်မှာ အာဇာနည်နေ့ကို အသိအမှတ်မပြုဘဲ ထားတယ်။ လုပ်ရင်လည်း အဖြစ်သဘောပဲလုပ်တယ်ပေါ့။ ဒါ ၈၈နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပါမှုကို အသိအမှတ်မပြုချင်တဲ့ သဘောဖြစ်ပါတယ်။တကယ်တမ်း သူတို့ဘက်က စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်မယ်ဆိုရင်တော့ လုပ်ရမယ့်နေ့ဖြစ်တယ်။ နိုင်ငံရေးကစားရမယ့်နေ့ မဟုတ်ဘူး”လို့ ဦးဖေသန်းက ဆိုပါတယ်။


စစ်ကောင်စီ တစ်ကျော့ပြန် အာဏာသိမ်းပြီး သုံးကြိမ်မြောက်အဖြစ်ကျင်းပမယ့် အာဇာနည်နေ့ကို ပြည်သူတွေအနေနဲ့  လွတ်လပ်ရေးအဓိပတိ အာဇာနည်ခေါင်းဆောင်ရဲ့ မိသားစုဝင်ကို စွဲချက်အမျိုးမျိုးနဲ့ အကျဉ်းချထားပြီး ကျင်းပတဲ့ အာဇာနည်နေ့ဟာ ဘယ်လောက်ပဲ ခမ်းနားပါစေ အဓိပ္ပါယ်ရှိတဲ့ အခမ်းအနားမဟုတ်ဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

“အာဏာရှင်က ကျင်းပတဲ့ အာဇာနည်နေ့ကို အယုံအကြည်ကို မရှိတာ။ ဦးနေဝင်း လက်ထက်ကစပြီး အာဇာနည်နေ့ဥဩဆွဲတာ ပွဲလုပ်တာတွေကို တဖြည်းဖြည်းဖျောက် လာတာလေ။ အခုနောက်ပေါက် ကျောင်းသားကလေးတချို့ဆို အာဇာနည်ကိုးဦး အကြောင်းကို သိတဲ့လူ အတော်နည်းတဲ့အထိ ဖြစ်လာတာ။ တစ်စစနဲ့ သမိုင်းကို ဖျောက်ဖို့ကြိုးစားခဲ့တာ အားလုံးအသိပဲ။ အာဏာသိမ်းပြီးမှ လုပ်တာကလည်း တိုင်းရင်းသားတွေဆီ ယုံကြည်မှုရအောင် ဟန်ပြလုပ်တာပါ “ လို့ ကျောင်းသားမိခင်တစ်ဦးက ဆိုပါတယ်။


ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ -CRPHကတော့ ၇၅ နှစ်မြောက် အာဇာနည်နေ့သဝဏ်လွှာမှာ တိုင်းရင်းသား ပြည်သူများအားလုံးနှင့်အတူ အာဇာနည်အမျိုးသားခေါင်းဆာင်ကြီးများ၏ လမ်းစဉ်နှင့် စိတ်ခွန်အားကိုအခြေပြု၍ နွေဦးတော်လှန်ရေးခရီးကြမ်းမှသည် ဖက်ဒရယ်ပြည်ထောင်စု အောင်ပွဲဆီသို့ ညီညီညွတ်ညွတ် လျှောက်လှမ်းသွားရန် တိုက်တွန်းထားပါတယ်။


အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသား တန်းတူညီမျှရေးစတာတွေအစား အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ အတွင်းဝန်ရုံးတွေကို ပြည်သူတွေကို အခမဲ့ဝင်ရောက်ခွင့်ပြုတာ၊ မော်တော်ယာဉ်တွေ ဟွန်းတီးပြီး ဝမ်းနည်းကြောင်း ပြသဖို့ အမိန့်ပေးတာတွေ လုပ်ရုံနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသား တန်းတူညီမျှရေး အလှမ်းဝေးနေဦးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.