ပိုးဖလံနှင့် မီးသီး (ခေတ်သစ် ဒဏ္ဏာရီတစ်ပုဒ်)

0
1388

တစ်ခါက လူငယ်လေးတစ်ယောက်သည် အရှေ့ တောင်အာရှရှိ မြို့ကြီးတစ်မြို့တွင် နေ့စားအလုပ်သမားဘဝဖြင့် နေထိုင်လေသည်။ ကွန်ကရစ်နံရံလေးခု၊ ကွန်ကရစ်မျက်နှာကျက်တို့ဖြင့် ပြုလုပ်ထားသည့်  တိုက်ခန်းကျဉ်းလေးတွင် သူ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ အခန်းကြမ်းပြင်ကို ကွန်ကရစ်နှင့်အရောင်တူ မီးခိုးရောင် စတုရန်းကြွေပြားခင်းထားသည့်အတွက် ထိုတိုက်ခန်းသည် အတိုင်းအတာ မရှိသကဲ့သို့ ခံစားရစေသည်။ တံခါးအထက်တွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ငယ်တစ်ခုရှိသည်။ သီးခြားဖြစ်သော ရေချိုးခန်းငယ်လေးအတွင်း ဆောင့်ကြောင့်ထိုင် အိမ်သာတစ်ခုပါရှိပြီး အိမ်သာဘေးရှိ ပလပ်စတစ်တိုင်ကီကြီးအထက်တွင် ရေထွက်ဗားတစ်ခုရှိသည်။ ထိုပလပ်စတစ်တိုင်ကီအား အိမ်သာရေဆေးရန်နှင့် ရေချိုးရန်အတွက် ရေသိုလှောင်ရန် အသုံးပြုပြီး တိုင်ကီအတွင်းရှိ ပလပ်စတစ်ခွက်ငယ်ဖြင့် ရေချိုးလေ့ ရှိသည်။ ရေချိုးခန်းကြမ်းပြင်ပေါ်တွင် အဝတ်လျှော်ရန်အတွက် ပလပ်စတစ်ဇလုံတစ်ခု ရှိနေပြီး ဇလုံဘေးတွင် အနည်းငယ် ကြေမွရှုံ့တွနေသည့် ဆပ်ပြာမှုန့်ထုတ်လေးတစ်ခုက ထောင်လျက်ရှိနေသည်။ ရေချိုးခန်းနောက်ဘက်နံရံရှိ အပေါက်ငယ်တစ်ခုက ပိုလျှံနေသောရေများကို အခန်းပတ်ပတ်လည်ရှိ အညစ်အကြေးမြေကြီးများထဲသို့ စိမ့်ဝင်သွားစေသည်။ ပလပ်စတစ်တိုင်ကီကြီးနှင့် ဆန့်ကျင်ဘက် နံရံတွင် စင်ငယ်လေးတစ်ခုရှိပြီး ၎င်းအပေါ်တွင် ပလပ်စတစ်ဘောင်ခတ်ထားသည့် ကြည့်မှန်တစ်ချပ်ရှိနေသည်။ မှန်အောက်ရှိစင်တွင် အလုပ်သမား၏ တစ်ကိုယ်ရေ သန့်စင်မှု ပစ္စည်းများဖြင့် ပြည့်ကျပ်နေသည်။ ရေချိုးခန်းတံခါးနောက်ကျောဘက်ရှိ ချိတ်တစ်ခုတွင် အဖြူရောင် မျက်နှာသုတ်ပုဝါတစ်ထည်ချိတ်ထားပြီး ၎င်းအား ရေချိုးပြီး သို့မဟုတ် တစ်နေကုန်အလုပ်အပြီး မျက်နှာနှင့် လက် အမြန်ဝင်ဆေးသည့်အခါ သုတ်ရန်အတွက် အသုံးပြုသည်။ အလုပ်သမားက ဘိလပ်မြေနံရံတွင် သံချောင်းများ ရိုက်ထားသဖြင့် အဝတ်လျှော်ပြီးနောက် အဝတ်ချိတ်များဖြင့် ချိတ်လှန်းနိုင်သည်။

တိုက်ခန်းအတွင်း နေ့စားအလုပ်သမား၏ ဟောင်းနွမ်းနေသော ပစ္စည်းများဖြင့် တန်ဆာဆင်လျက်ရှိသည်။ ပလပ်စတစ်ဖြင့် ဖုံးအုပ်ထားသော မွေ့ယာငယ်တစ်ခု၊ ခေါင်းအုံးဝိုင်းတစ်ခုနှင့် ပျော့ပျောင်းသော ချည်စောင်နှစ်စောင်ရှိသည်။ ရာဘာဖိနပ်တစ်ရံကို တံခါးဘေးရှိ ခြေသုတ်ဖုံပေါ်တွင် ချွတ်ထားသည်။ သစ်သားစားပွဲငယ်နှင့် ပလပ်စတစ်ကုလားထိုင်တစ်ခုလည်း ရှိသည်။ အပြာရောင်ကြွေပန်းအိုး သေးသေးလေးကို စားပွဲပေါ် တင်ထားသည်။ စားပွဲ၏ ညာဘက်ခြေထောက်ဘေးတွင် ပလတ်စတစ် ရေသန့် လီတာဘူးနှစ်ဘူးကို ထောင်ထားပြီး ရေတစ်ဝက်သာကျန်သည့် တစ်ဘူးအား အနီရောင် ပလတ်စတစ်ကော်ဖီခွက်ဖြင့် အုပ်ထားသည်။ စားပွဲ၏ဘယ်ဘက် အနောက်ခြေထောက်ဘေးတွင် ပလတ်စတစ်အမှိုက်ပုံးငယ်တစ်ခု၊ တံမြက်စည်း  တိုတစ်ခုနှင့် သစ်သားလက်ကိုင်ပါသော အမှိုက်ဂေါ် တစ်ခုတို့ ရှိသည်။

အခန်းအတွင်းရှိ တစ်ခုတည်းသော ပလပ်ပေါက်နှင့် ချိတ်ဆက်ထားသည့် လျှပ်စစ်ပန်ကာငယ်ကို မွေ့ယာအနီးတွင် ထားရှိသည်။ အခန်းအတွင်းတွင် မီးသီးတစ်လုံးရှိပြီး ၎င်းအား အနက်ရောင်လျှပ်စစ်ကြိုးဖြင့် မျက်နှာကျက်မှ ချိတ်ဆွဲချထားသည်။ တံခါးဘေးတွင် မီးအဖွင့်အပိတ်လုပ်ရန် ခလုတ်တစ်ခုရှိသည်။ အလုပ်သမား၏ သာမန် တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများက အခန်းတွင်းအနှံ့ ရှိနေသည်။ သူ၏ အဝတ်အစားအချို့အား အိပ်ယာပေါ် သို့မဟုတ် စားပွဲအနီးရှိ ကုလားထိုင်ပေါ်၌ လွှားထားသည်။ သူ့အဝတ်အစားအချို့နှင့် မိဘမောင်နှမများ၏ အရောင်မှိန်မှိန် အဖြူအမည်းဓာတ်ပုံအချို့ ထည့်ထားသည့် အဖုံးပွင့်လျက်ရှိသော ကင်းဗတ်သေတ္တာတစ်လုံးက မွေ့ယာခြေရင်းတွင် နေရာယူထားသည်။ စားပွဲပေါ်ရှိ ပန်းအိုးဘေးတွင် ပိုက်ဆံအိတ်သေးသေးလေး တွဲလျက်ပါရှိသည့် ခါးပတ်ကို တင်ထားသည်။

တစ်ရက်၌ ဆယ့်နှစ်နာရီကြာ အုတ်သယ်ပြီးနောက် နေ့စားအလုပ်သမားသည် အုတ်စက်ရုံမှ သူ့တိုက်ခန်းသို့ လမ်းလျှောက်ပြန်လာခဲ့သည်။ လမ်းလျှောက်ရင်း သူက အရွက်မရှိတော့သော အပင်ငယ်တစ်ပင်၏ အကိုင်းလေးတစ်ခုပေါ်ရှိ အညိုရောင်ဂုံအိတ်ငယ်တစ်ခုကို သတိပြုမိသည်။ စူးစမ်းချင်စိတ်ဖြင့် သူက ထိုဂုံအိတ်လေးပါသည့် သစ်ကိုင်းကို ဖြတ်ပြီး သူ့တိုက်ခန်းတွင်း သစ်သားစားပွဲပေါ်ရှိ ပန်းအိုးထဲတွင် ထည့်ရန် ဆုံးဖြတ်လိုက်သည်။ နေ့စားအလုပ်သမားသည် ထိုဂုံအိတ်လေးပါသည့် သစ်ကိုင်းလေးကို ကြည့်ပြီး သူ့အတွက်တော့ ၎င်းက နှင်းဆီပန်းစည်းလေးနှင့်ပင် တူသေးသည်ဟု ထင်မိသည်။ သူရေချိုးပြီးနောက် ညအိပ်လုံချည်ကို ဝတ်လိုက်သည်။ ထို့နောက်မီးပိတ်၍ မွေ့ရာပေါ် လှဲချကာ လည်ပင်းအောက်တွင် ခေါင်းအုံးဝိုင်းလေးကို ကွေးထားပြီး အိပ်ပျော်သွားခဲ့သည်။

မကြာမီ ပိုးဖလံတစ်ကောင် ထွက်လာတော့မည့် ပိုးအိမ်ကို သူ့အခန်းထဲသို့ ယူဆောင်လာမိကြောင်း နေ့စားအလုပ်သမား မသိခဲ့ပါ။ နောက်တစ်နေ့တွင် နေ့စားအလုပ်သမားသည် မနက်အစောကြီးနိုးပြီး မီးဖွင့်၊ ရေအမြန်ချိုး၊ အဝတ်အစားလဲကာ ထိုနေ့အတွက် အလုပ်ရှိမရှိကို သိရှိရန် အုတ်စက်ရုံသို့ လမ်းလျှောက်ထွက်ခဲ့သည်။ အလုပ်သမားက သူ့အခန်းထဲမှ အထွက်တွင် မီးပိတ်ရန် မေ့သွားခဲ့သည်။
 
နေ့စားအလုပ်သမား အခန်းမှ ထွက်သွားပြီး တစ်နာရီခန့်အကြာတွင် ပိုးအိမ်အတွင်း၌ အသွင်ပြောင်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ပိုးဖလံတစ်ကောင်၏ အတောင်များက အိတ်ထဲမှ လွတ်မြောက်ရန် ပိုးအိမ်နံရံများကို တွန်းတိုက်ပြီး အတောင်ပံများကို ဆန့်ထုတ်ကာ အစောပိုင်းတည်ရှိနေသည့် ပေါက်ဖတ်အဖြစ်မှ ပိုးဖလံအဖြစ် အပြီးတိုင် ပြောင်းလဲသွားတော့သည်။
 
ပိုးဖလံသည် အစွမ်းရှိသမျှ အားစိုက်ပြီးနောက် သူ့အတောင်များက ပိုးအိမ်၏ အချုပ်အနှောင်မှ ပေါက်ကွဲထွက်လာတော့သည်။ ပိုးဖလံသည် စားပွဲပေါ်သို့ ပြုတ်ကျလာကာ ပတ်ဝန်းကျင်ကို စတင် သတိပြုမိလာသည်။ ၎င်းပထမဆုံး အာရုံ ခံစားမိသည်မှာ အနက်ရောင်ကြိုးရှည်မှတစ်ဆင့် တောက်ပသော မီးသီးကို ဖြစ်သည်။ ထိုမီးသီး၏ အလင်းရောင်ကို လှည့်ပတ်နေသော မှက်များနှင့် ယင်ကောင်အချို့ကို သူသတိပြုမိပြီး အစာရရန် အလွန်လွယ်ကူသော အရပ်တွင် မွေးဖွားလာသည့်အတွက် ပီတိဖြစ်သွားခဲ့သည်။ ပိုးဖလံသည် အတောင်ပံများ ဆန့်တန်းကာ မီးသီးထံ ဉီးတည်ပျံသန်းသွားရာ မီးသီးနှင့် အလွန်နီးကပ်လာသည်နှင့် ပြင်းထန်လွန်းသော အပူရှိန်ကြောင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
 
ထို့နောက် အံ့သြစရာကောင်းလောက်အောင်ပင် ပိုးဖလံသည် မီးသီးက စကားပြောသည်ကို ကြားလိုက်ရသည်။ မီးသီးက "မိုက်မဲတဲ့ပိုးဖလံကောင်ပါလား၊ ငါ့မှာ ဘယ်လို အန္တရယ်မျိုး ရှိတယ်ဆိုတာရယ်၊ ငါ့အပူရှိန်က မင်းကို ခုမွေးလာသလိုဘဲ မြန်မြန် ဇာတ်သိမ်းသွားစေနိုင်တယ်ဆိုတာ မင်းမသိဘူးလား။ မင်း ငါ့အနားလာပြီး ငါ့အလင်းမှာ ရစ်မူးနေတဲ့ အခြားကောင်တွေကို စားချင်ရင်တော့ မင်း သေချာ ဂရုစိုက်ရလိမ့်မယ်။"
 
ပိုးဖလံသည် အနက်ရောင်ကြိုးရှည်ဖြင့် ဆိုင်းထားသော ဖန်အိမ်ထဲတွင် ထည့်ထားသည့် အဖြူရောင်အလင်းကို စူးစူးဝါးဝါး စိုက်ကြည့်ကာ “မင်းက အသက်ရှိလား၊ မင်းက စကားပြောနိုင်လား" မီးသီးက “မင်းနားနဲ့ ကြားခဲ့တာပဲ မဟုတ်လား၊ ဟုတ်တယ် ငါက အသက်ရှိတယ်ကွ!" ပိုးဖလံက အတော်စိတ်ရှုပ်သွားသည်။ “ဒါပေမယ့် မင်းမှာ ပါးစပ်မရှိ၊ ခြေထောက်မရှိ၊ မျက်နှာကျက်က တွဲလောင်းကလွဲလို့ ရွေ့စရာလမ်းလဲ မရှိဘူး။ မင်းရဲ့ ဖြစ်တည်မှု သဘောသဘာဝကို ငါလုံးဝ နားမလည်နိုင်တော့ဘူး!" မီးသီးက “မိုက်မဲတဲ့ ပိုးဖလံကောင်၊ မင်းက မင်းရဲ့ ရုပ်သဏ္ဍာန်ကိုသာ အခြေခံပြီး ဖြစ်တည်မှုရဲ့ သဘောသဘာဝကို နားလည်ရတော့မှာလား။ ငါက ထူးဆန်းတဲ့ ကောင်မှန်းသိပေမယ့် ရှင်းပြဖို့ ကြိုးစားမယ်။ ငါ့ဘဝဟာ ဒီကမ္ဘာမြေမှာ နေထိုင်တဲ့ လူသားတွေရဲ့ ဖန်ဆင်းခံတစ်ခု ဖြစ်ပေမယ့် သူတို့တောင် ငါ့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို သတိမထားမိကြဘူး။”

ပိုးဖလံက အရင်ကထက် ပိုစိတ်ရှုပ်သွားပြီး မီးသီးကို “မင်းဆိုလိုတာက မင်းကို တခြားသူတွေက ဖန်ဆင်းထားပေမယ့် မင်းကို ဖန်ဆင်းတဲ့သူတွေက မင်းအသက်ရှင်နေတယ်ဆိုတာ မသိကြဘူးလို့ ဆိုလိုတာလား” မီးသီးက “ဟုတ်တယ်။ အဲ့ဒါ ငါ့ဖြစ်တည်မှုရဲ့ သဘောသဘာဝဘဲ။ ငါ့ကို ဖန်တီးသူတွေဟာ  ငါနဲ့ စကားပြောဆိုဖို့ ဒါမှမဟုတ် သူတို့ခံစားနေတဲ့ ဘဝလို့ ဆိုနိုင်တဲ့  ပင်ကိုယ်အရည်အသွေးတွေ ငါ့မှာလဲ ရှိနေတယ်လို့ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူး။”

ပိုးဖလံက မီးသီးအကြောင်း ပိုသိချင်လာပြီး "ကျေးဇူးပြုပြီး မင်းရဲ့ ဖြစ်တည်မှု သဘောသဘာဝကို ထပ်ပြောပြပါ ငါနားလည်အောင် ကြိုးစားပါရစေ" ဟုပြောလိုက်သည်။ မီးသီးက “ငါ့ကို ဖန်ဆင်းတဲ့ လူတွေက အမှောင်ကို လင်းစေဖို့ အဆင်ပြေစေမှုတစ်ခုအဖြစ် လုပ်ခဲ့ပေမဲ့ သက်ရောက်မှုတွေက ကြီးမားပြီး ငါ့ကို ဖန်တီးသူတွေရဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲစေခဲ့တယ်။ ငါ့ဖြစ်တည်မှုရဲ့ သဘောသဘာဝကိုလည်း သူတို့ နားမလည်ခဲ့ကြဘူး။ အဖြူရောင်ဖန်ထည် အတွင်းပိုင်းကို မင်းမြင်လား၊ အဲ့ဒါ ငါ့ရဲ့ 'ဝိညာဉ်' ဘဲ။ လူတွေက ဒါကို 'နန်းမျှင်' လို့ခေါ်တယ်။ အနက်ရောင်ဝါယာကြိုးက ငါ့ဖြစ်တည်မှုအတွက် စွမ်းအင်ကို ပေးတယ်။ ဒါပေမဲ့ နန်းမျှင်တောက်ပလာပြီး အဖြူရောင်အလင်းတန်းထွက်လာဖို့ စွမ်းအင် ဘယ်အချိန်မှာ စီးဆင်းစေမယ်ဆိုတာကိုတော့ လူသားတွေက ဆုံးဖြတ်တယ်။ စွမ်းအင်တွေ ရပ်သွားတဲ့အခါ ငါ့နန်းမျှင်တွေ အိပ်ပျော်သွားလိမ့်မယ်။ မင်းရဲ့ခန္ဓာကိုယ်ကို သွေးတွေစီးဆင်းစေဖို့အတွက် မင်းရဲ့ နှလုံးခုန်သလိုဘဲ ငါ့ရဲ့ နန်းမျှင်တွေဆီ စွမ်းအင်တွေ စီးဆင်းလာတဲ့အခါ၊ စွမ်းအင်ကို အဖွင့်အပိတ်လုပ်တဲ့အခါ စွမ်းအင်ရဲ့ လျှပ်စီးလှုပ်ရှားမှုကို ငါ ခံစားနိုင်တယ်။”

ပိုးဖလံသည် မီးသီး၏သဘောသဘာဝကို နားလည်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ၎င်းသည် ပိုးကောင်တစ်ကောင်မျှသာဖြစ်ပြီး ရုတ်တရက် ပိုးဖလံအဖြစ်သို့ မပြောင်းလဲမီ ပေါက်ဖတ်ဖြစ်ခဲ့သည်ကပင် သူသိခဲ့သည့် အတွေ့အကြုံထက် ကျော်လွန်နေပြီဖြစ်သည့်အတွက် ယခုကိစ္စမှာ သူ့အတွက် အလွန်ရှုပ်ထွေးနေတော့သည်။ ထို့နောက် ပိုးဖလံက မီးသီးကို “လူက မင်းကို အသက်ပေးရင် မင်း ထာဝရ အသက်ရှင်မှာလား” ဟု မေးသည်။ မီးသီးက “ငါသေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ တစ်​ခုက ငါ့​ဝိညာဉ်​ ပတ်​လည်က ဖန်ကွဲ​ကြေ​သွားရင် ငါ့ဝိညာဉ်လည်း ပျက်စီးသွားမယ်။ ငါ့ဝိညာဉ်သက်တမ်းက မရေရာဘူး။ ငါ့ကို တီထွင်ခဲ့တဲ့ လူသားတွေလိုဘဲ စွမ်းအင်ခလုတ် အဖွင့်အပိတ်များလာရင် ဟောင်းနွမ်းလာနိုင်တယ်။ တစ်ချိန်မှာတော့ ငါ့နန်းမျှင်တွေဟာ အလင်းမထုတ်နိုင်တော့ဘဲ ငါသေသွားလိမ့်မယ်။”

ပိုးဖလံက “ငါတို့ သူငယ်ချင်းဖြစ်နိုင်ပါ့မလား။ ငါတို့ဖြစ်တည်မှု သဘောသဘာဝက အရမ်းကွာတယ်!” မီးသီးက “မင်းက လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ပြီး မင်းရှင်သန်ဖို့ နေ့တိုင်း အစာရှာဖို့ လိုအပ်တယ်။ ငါ့ရဲ့တောက်ပတဲ့အလင်းရောင်က မင်းကို အစာရှာဖို့ အခွင့်အရေး ပေးနိုင်ပေမယ့် မင်းအသက်ဆက်ရှင်ဖို့ ငါနဲ့ အရမ်း နီးကပ်လို့ မရဘူး။ မင်းလဲ အဲဒါကို သိခဲ့ပြီးပြီဘဲ။ တစ်နည်းအားဖြင့် ငါတို့က အသက်ရှင်ပြီးရင် သေရမှာ တူတူပဲလေ။ ငါတို့ ဘာလို့ သူငယ်ချင်းမဖြစ်နိုင်ရမှာလဲ။"
 
အုတ်စက်ရုံတွင် ၁၂ နာရီကြာ အလုပ်ဆင်းပြီးနောက် နေ့စားအလုပ်သမားက သူ၏ တိုက်ခန်းသို့ ပြန်လာခဲ့သည်။ ရောက်သည့်အချိန်မှာ ည ၇း၃၀ ဖြစ်သည်။ အုတ်စက်ရုံမှ သူ့အခန်းသို့ လမ်းလျှောက်လာရင်း စားသောက်ဆိုင်ငယ်လေးတစ်ခုမှ ဝယ်လာသော ပါးပါးလှီးထားသည့် အဖြူရောင်ကြက်ပြုတ်နှင့် ဟင်းအနှစ် ပုံထားသော ပန်းကန်လုံးလေးထဲမှ ထမင်းကို ပလပ်စတစ်ခက်ရင်းနဲ့ စားလာခဲ့သည်။ တိုက်ခန်းတံခါးကို မဖွင့်မီ တံခါးအပေါ် လေဝင်ပေါက်မှ အလင်းရောင် ထွက်နေသည်ကို သူသတိထားမိပြီး မနက်က မီးပိတ်ရန် မေ့သွားခဲ့သည့်အတွက် သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။ အလုပ်သမားသည် မောပန်းနွမ်းနယ်နေပြီး မီးဖွင့်ထားခဲ့မိသည့်အတွက် လျှပ်စစ်မီတာခ တိုးလာတော့မည်ကို သိသဖြင့် မိမိပေါ့ဆမှုကို ဒေါသထွက်လာသည်။
တံခါးဖွင့်ဝင်ပြီး ရာဘာဖိနပ်ကို တံခါးဘေးရှိ ခြေသုတ်ဖုံပေါ်တွင် ချွတ်ကာ သစ်သားစားပွဲဆီသို့ လျှောက်သွားသည်။ သူ့ခါးပတ်နှင့် ပိုက်ဆံအိတ်ကို ဖြုတ်ကာ သစ်သားစားပွဲပေါ် တင်လိုက်သည်။ ထိုစဉ် သစ်ကိုင်းပေါ်ရှိ အညိုရောင် ဂုံအိတ်လေး ပွင့်နေသည်ကို သတိပြုမိပြီး မြင်ရသည့် ပုံပန်းကြောင့် အတော်လေး အံ့သြသွားရသည်။ သို့သော် ထိုပုံရိပ်ကို သူ့စိတ်ထဲမှ မောင်းထုတ်လိုက်သည်။ သူသည် အလွန်ပင်ပန်းနေပြီး အတွေးထဲတွင် လျှပ်စစ်ဘေလ်ကိစ္စက ရောက်နေသည်။ သူက ရေချိုးခန်းထဲဝင်၍ အဝတ်အစားချွတ်၊ အဝတ်လျှော်ဇလုံကို ရေဖြည့်၊ ဆပ်ပြာအနည်းငယ်ထည့်ပြီး ညစ်ပတ်နေသောအဝတ်များကို ဇလုံထဲတွင် တစ်ညစိမ်ရန် ထားလိုက်သည်။ ထို့နောက် ရေချိုး၊ မျက်နှာသုတ်ပုဝါဖြင့် ရေသုတ်၊ သွားတိုက်၊ လက်ထဲ အုန်းဆီထည့်ကာ ထူထဲနက်မှောင်သော ဆံပင်များကို လက်ဖြင့် သပ်လိမ်းပြီး ခေါင်းအမြန်ဖြီးလိုက်သည်။ ထို့နောက် နံရံရှိ သံချောင်းတွင် ချိတ်ဖြင့် ချိတ်ထားသည့် လုံချည်ကို ကိုယ်တွင် ပတ်ဝတ်လိုက်ပြီးသည်နှင့် အိပ်ယာဝင်ရန် အသင့်ဖြစ်သွားသည်။
မွေ့ရာပေါ်တွင် လှဲလျောင်းရန် အဆင်သင့်ဖြစ်ချိန်တွင် အိပ်ယာအထက် နံရံတွင် ပိုးဖလံတစ်ကောင်ကို သတိပြုမိသွားသည်။ ပိုးဖလံက အတောင်ပံများကို ဖြည်းညှင်းစွာ မြှင့်လိုက်နှိမ့်လိုက် ပြုလုပ်နေသည်။ ပိုးဖလံကြောင့် နဂိုတိုနေသည့် စိတ်သည် ပိုဆိုးလာပြီး ၎င်းကြောင့် သူ၏အဝတ်အစား သို့မဟုတ် စောင်များ ထိခိုက်ပျက်စီးနိုင်သည်ကို တွေးမိသွားသည်။ ပိုးဖလံကို သူ့လက်နှင့် ဖမ်းရန် ကြိုးစားသော်လည်း ပိုးဖလံက လွတ်သွားပြီး မျက်နှာကျက်ဆီသို့ ပျံသွားကာ အခန်းကို လှည့်ပတ်နေသည်။ နေ့စားအလုပ်သမားသည် ပလပ်စတစ်ကုလားထိုင်ပေါ်တွင် လွှားထားသည့် အင်္ကျီတစ်ထည်ကို ဆွဲယူကာ ပိုးဖလံကို ရိုက်မိစေရန် သို့မဟုတ် ပိုးဖလံကို ကြမ်းပြင်သို့ လွင့်ကျစေမည့် လေပွေဖြစ်စေရန် ရည်ရွယ်၍ သူ့ ညာဘက်လက်မောင်းကို မြှောက်ကာ အင်္ကျီကို စက်ဝိုင်းပုံ လှုပ်ယမ်းလိုက်သည်။ တကယ်တွင် အင်္ကျီက လေပွေကို ဖြစ်ပေါ်စေပြီး ထိုလေအရှိန်က ပိုးဖလံအား မီးသီးရဲ့ မျက်နှာပြင်ပေါ်သို့ လွင့်သွားစေခဲ့သည်။ ပိုးဖလံသည် မီးသီးမျက်နှာပြင်ပေါ်တွင် ခေတ္တနားလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ သေဆုံးသွားခဲ့သည်။ နေ့စားအလုပ်သမားက ပိုးဖလံကို အတောင်မှဆွဲယူပြီး တံခါးဖွင့်ကာ မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် တံခါးကိုပိတ်၊ အိပ်ရာဘေးမှ ပန်ကာကိုဖွင့်၊ မီးပိတ်ပြီး နောက်နေ့ အလုပ်ရမရကို စဉ်းစားရင်း အိပ်ပျော်သွားတော့သည်။
အိပ်ပျော်နေစဉ် နေ့စားအလုပ်သမားသည် အိပ်မက် စတင်မက်သည်။ အိပ်မက်ထဲတွင် ဧရာမပိုးဖလံတစ်ကောင်က ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် အလုပ်သမား၏ ရင်ဘတ်ပေါ်သို့ ရောက်လာသည်။ ပိုးဖလံက အလွန်ကြီးသည်။ သူ့ရင်ဘတ်ပေါ်ရှိ ထိုအင်းဆက်ကြီး၏ အလေးချိန်ကို သူခံစားနေရသည်။ ပိုးဖလံသည် အတောင်ပံများကို ဖြေးဖြေးချင်း မြှင့်လိုက် နှိမ့်လိုက်လုပ်ကာ သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်း အနှံ့ လေတိုက်နေစေသည်။ ပိုးဖလံက အလုပ်သမားကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေပြီး ထိုကြီးမားသော မျက်လုံးကြီးများအတွင်း အလုပ်သမားသည် သူ့ကိုယ်သူ၏ ပုံသဏ္ဍာန်များစွာကို မြင်နေရသည်။ ပိုးဖလံ၏ အင်တင်နာက အလုပ်သမား၏ ထူထဲသော အနက်ရောင် မျက်ခုံးပေါ်တွင် ကခုန်ကာ ထိလိုက်တိုင်း ကျောရိုးမှ အေးစိမ့်စိမ့် ဖြစ်သွားသည်။ အိပ်မက်ထဲတွင် နောက်ဆုံး၌ အလုပ်သမားက “မင်းဘာလို့ ဒီမှာ ရှိနေတာလဲ။ မင်းရဲ့ ခုအသွင်အပြင်ကြီးနဲ့ ငါ့ကို ဘာလို့ လာပြီး ခြောက်လှန့်နေတာလဲ” ဟု မေးလိုက်သည်။ ပိုးဖလံသည် ၎င်း၏ ရင်ခေါင်းထဲမှ ထွက်လာပုံပေါက်သည့် စကားလုံးများဖြင့် ပြန်ဖြေသည်။ "မင်းက ငါ့သူငယ်ချင်းကို ငါ့ကို သတ်ခိုင်းလိုက်တာဘဲ။ ဘာကြောင့်လဲ။ မင်းဘဲငါ့ကို ခေါ်လာခဲ့တယ်။ မင်းငါ့ကို ဒီမှာ သက်တောင့်သက်သာ ရှိစေချင်တာလို့ ငါထင်ခဲ့တာ။" အလုပ်သမားက လုံးဝ အံ့အားသင့်သွားပြီး “ငါ့အခန်းထဲကို ပိုးဖလံတစ်ကောင် ယူလာတယ်ဆိုတာ မမှတ်မိတော့ဘူး။ မင်းရဲ့ သူငယ်ချင်းလက်ထဲမှာ မင်းသေဆုံးတဲ့အတွက် မင်းအပြစ်တင်တာ လူမှားနေပြီ!" ပိုးဖလံက “အညိုရောင်ဂုံအိတ်လေးပါတဲ့ သစ်ကိုင်းလေးကို ချိုးယူလာပြီး မင်းရဲ့ စားပွဲပေါ် က ပန်းအိုးထဲ ထည့်ထားတာ မင်းမှတ်မိသေးလား။ အဲဒီ အညိုရောင်အိတ်လေးက ငါပဲ!” အလုပ်သမားက “ဒီလို အဓိပ္ပါယ်မရှိတဲ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။ မင်း ဘာတွေပြောနေတာလဲ" ပိုးဖလံက “မင်းက ငါတို့လို အင်းဆက်တွေရဲ့ ဘဝသံသရာကို မသိဘူး၊ မင်းရဲ့ မသိမှုက အငြှိုးနဲ့ လုပ်ရပ်ကို ဖြစ်စေပြီး ငါ့သူငယ်ချင်းကို ငါ့ကို သတ်ခိုင်းလိုက်တာဘဲ။ မင်းရေချိုးခန်းထဲက ထွက်လာပြီး မင်းရဲ့ အိပ်ယာအထက် နံရံမှာ ငါ့ကိုတွေ့တော့ ငါဟာ မင်းပန်းအိုးထဲက သစ်ကိုင်းပေါ်က ဂုံအိတ်ထဲက ထွက်လာတာလို့ မင်းမသိခဲ့ဘူး။ မင်းက ငါ့ကို အနှောက်အယှက်တစ်ခုလို့ပဲလို့ ထင်ခဲ့နိုင်တယ်၊ မင်းနဲ့အတူ မင်းအိမ်ကို စေတနာထားပြီး ယူလာခဲ့တဲ့ဧည့်သည် မဟုတ်နိုင်ဘူးပေါ့!"
ကွက်ကွက်ကွင်းကွင်းဖြစ်လှသော အိပ်မက်ကြောင့် အလုပ်သမားသည် ထိတ်လန့်ကာ ချွေးများဖြင့်အေးစက်လျက် အိပ်ရာပေါ်တွင် ထထိုင်လိုက်သည်။ သူ မအိပ်ခင် သူသတ်ခဲ့သည့် ပိုးဖလံအကြောင်း တွေးပြီး သူ့အိပ်မက်ထဲကအတိုင်း ကြုံတွေ့ရသည့် ဒုက္ခမှ လွတ်မြောက်နိုင်ပါ့မလားဟု တွေးနေမိသည်။ သူသည် အိပ်ယာမှထ၍ တံခါးဆီသို့ လျှောက်သွားကာ မီးဖွင့်ပြီး တံခါးကိုဖွင့်လိုက်သည်။ ပိုးဖလံ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်သည် အပြင်ဘက် မြေပြင်ပေါ်တွင် လဲလျောင်းနေသေးသည်ကို သူမြင်လိုက်ရသည်။ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားရပြီး ပြန်အိပ်ချင်လာသည်။ တံခါးပိတ်ပြီးနောက် သော့ခတ် ဂျက်ချလိုက်သည်။ ထိုနောက် မီးပိတ်ရန် ခလုတ်နားအရောက်တွင် မီးသီး၏အလင်းသည် ပိုစူးလာပြီး ပေါက်ကွဲထွက်ကာ ရာနှင့်ချီသော ဖန်မှုန်လေးများ ကြမ်းပြင်ပေါ်သို့ ပျံ့ကြဲသွားတော့သည်။ မီးသီး ပေါက်ကွဲသွားစဉ် မျက်နှာကျက်မှ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်မြည်တမ်းသံတစ်ခု ထွက်လာသည်ကို  ကြားလိုက်သည်ဟု အလုပ်သမားက ထင်မိသည်။ မီးလုံးအရောင်မရှိသဖြင့် အခန်းသည် အမှောင်ထုထဲသို့ ရောက်သွားခဲ့သည်။
အလုပ်သမားသည် မနက်ဖြန် အလုပ်ရှိမရှိ ဆက်မစဉ်းစားနိုင်တော့ပါ။ သူက ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ဒူးပေါ်တံတောင်ဆစ်တင်ကာ စိတ်ဓာတ်ကျနေသည့် အခြေအနေသို့ ရောက်သွားသည်။ ဖန်အမှုန်အမွှားလေးများ သူ့ကို မထိခိုက်စေဘဲ  သူ့အိပ်ယာသို့ မည်သို့မည်ပုံ ရောက်အောင်သွားရမည်ကို တွေးနေမိသည်။ သူက ပိုးဖလံနှင့်ပတ်သက်သော ထူးဆန်းသည့် အိပ်မက်ကိုလည်း တွေးတောဆင်ခြင်မိသည်။ သူ့အိပ်မက်ထဲက ပိုးဖလံသည် အလုပ်သမားမအိပ်မီက သူ့လို အင်းဆက်တစ်ကောင်ကို သတ်ဖူးသည်ကိုလည်း သိနေခဲ့သည်။ သို့သော်လည်း သူငယ်ချင်းတစ်ယောက်က ပိုးဖလံကို သတ်စေနိုင်သည့် နည်းလမ်းကိုတော့ သူ နားမလည်နိုင်ခဲ့ပါ။ ဘယ်လိုလဲ၊ ဘာကြောင့်လဲ၊ သူတွေးနေခဲ့သည်။
နောက်ဆုံးတွင် အလုပ်သမားက သူ့ဖိနပ်ကို စီးပြီး ပလပ်စတစ်ကုလားထိုင်ထံ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။ ကုလားထိုင်ကို တွေ့ပြီးနောက် ကုလားထိုင်ကို ယမ်းခါပြီး ကုလားထိုင်၏ ခြေထောက်များကို ကြမ်းပြင်ပေါ်သို့ ခေါက်ကာ ရှေ့သို့ စောင်းကာဖြင့် ထိုင်ခုံမျက်နှာပြင်ပေါ်တွင် ရှိနေနိုင်သည့် ဖန်အကွဲစများကို ဖယ်ရှားသည်။ စားပွဲရှေ့တွင်ထိုင်ကာ စားပွဲမျက်နှာပြင်ကို ညာလက်ဖြင့် အသာအယာသုတ်ပြီး ရှိနေနိုင်သော ဖန်မှုန်များကို ဖယ်ရှားလိုက်သည်။ လက်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ ဦးခေါင်းကို လက်နှစ်ဖက်ပေါ် တင်လိုက်သည်။ သူ့ ဦးခေါင်းသည် အညိုရောင်ဂုံအိတ်အလွတ်နှင့် သစ်ကိုင်းကို ထည့်ထားသည့် အပြာရောင်ကြွေပန်းအိုးဘေးတွင် ရှိနေသည်။ ပိုးဖလံအပေါ် သူ ကျူးလွန်ခဲ့သည် ဆိုသော ပြစ်မှုကြောင့် ပဟေဋိ ဖြစ်ခဲ့ရသည်။ ထူးထူးဆန်းဆန်း အိပ်မက်ကို ဖြစ်ပေါ်စေသည့် သဘာဝ စွမ်းအားများအကြောင်းနှင့် ပိုးဖလံတစ်ကောင်က သူ့အခန်းထဲမှာ သူငယ်ချင်းတစ်ယောက်ကို မည်သို့မည်ပုံ ရှာတွေ့သွားသနည်း ဆိုသည်ကို တွေးရင်း အိပ်ပျော်သွားခဲ့သည်။

တစ်ခါက ပိုးအိမ်လေးရှိနေခဲ့သည့် စားပွဲပေါ်ရှိ ပန်းအိုးထဲမှ သစ်ကိုင်းကျိုးလေး၊ တံခါးအပြင်ဘက် မြေကြီးပေါ်တွင် လဲကျနေသော ပိုးဖလံ အသေကောင်၊ အစိတ်စိတ်အမွှာမွှာကွဲကြေနေသော မီးသီး ဖန်ကွဲစများ၊ ၎င်း၏ ပျက်စီးသွားသော ဝိညာဏ် အစအနများ၊ အထင်းသား နေ့စားအလုပ်သမား၊ အလွန်နေမထိထိုင်မသာ ဖြစ်စေသည့် အိပ်မက်၊ သူ၏ မသက်မသာအနေအထား၊ ရိုးရှင်းသော ထိုနေရာလေးအား လွမ်းခြုံထားသည့် အမှောင်ထု၊ မရှိမဖြစ်လိုအပ်သည့် သော့ခတ် ဂျက်ချထားသော အခန်း။ ဤသည်ကဖြင့် အလုပ်သမား၏ အဖော်မဲ့အထီးကျန်ဘဝတွင် သူအလုပ်ရှိနေသ၍ သက်တောင့်သက်သာဖြစ်စေမည့် အိမ်ဟု ခေါ်ဆိုနိုင်သော အရာသာဖြစ်သည်။ စကြာဝဠာကြီးတွင် အလုပ်သမား သတိမထားမိသည့် အရာများက ဖြစ်ချင်တိုင်း ဖြစ်ပျက်နေကြသည်။ အလုပ်သမားအတွက် ကမ္ဘာပေါ်ရှိ အဖြစ်အပျက်များသည် ပုံမှန်ဖြစ်သော်လည်း ဖြစ်ပျက်ခဲ့သည်များက အနည်းငယ် ထူးဆန်းပြီး တုန်လှုပ်ချောက်ချားစရာ ဖြစ်နေသည်။ အရာရာဖြစ်သမျှသည် အကြောင်းကြောင့် အကျိုးဖြစ်သော်လည်း တစ်ခါတစ်ရံတော့ဖြင့် တရားခံ ပျောက်တတ်ပါသည်။

ရေးသားသူ Greg Elliott

သရုပ်ဖော်ပုံများ Carlton Shoemaker

မြန်မာဘာသာပြန်ဆိုသူ Nyein Nyein Aung (ငြိမ်းငြိမ်းအောင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.