တိုကျို၊ မေ ၂၉
ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၅ နှစ်တာကာလအတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း စံချိန်တင် လျော့ကျသွားခဲ့ကြောင်း မေ ၂၉ ရက် ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းက ဖော်ပြနေပါတယ်။
ကမ္ဘာ့ ပဉ္စမ အကြီးမားဆုံး စီးပွားရေးနိုင်ငံဟာ မွေးဖွား၊ သေဆုံးခြင်းနဲ့ ဆိုင်တဲ့ ပြဿနာကို ကျော်ဖြတ်ရေး အခက်ကြုံနေပါတယ်။
ဂျပန် သန်းခေါင်စာရင်း ကနဦး ရေတွက်မှုကို ၅ နှစ် တစ်ကြိမ်စီ ဖော်ပြလေ့ရှိပြီး ၂၀၂၅ အတွင်း လူဦးရေ ၁၂၃ သန်းသို့ လျော့ကျသွားကြောင်း ဖော်ပြနေပါတယ်။
၂၀၂၀ ပြည့်နှစ်က နောက်ဆုံးစာရင်း ကောက်ယူခဲ့ချိန်ကထက် လူ ၃ သန်းကျော် လျော့နည်းသွားတာ တွေ့ရပါတယ်။
၅ နှစ် တစ်ကြိမ် စာရင်း ကောက်ယူမှု ၁၉၂၀ ပြည့်နှစ်က စတင်ပြီး နောက်ပိုင်း ဒါဟာ သိသိသာသာ လျော့ကျမှု ဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ကြား မှတ်တမ်းထက် သုံးဆကျော် လျော့ကျမှုလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံ လူဦးရေ လျော့ကျမှု ပိုဆိုးလာတာကို ဒီစာရင်းက တစ်ခါထပ်ပြီး အတည်ပြုထားပါတယ်လို့ အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ မီနိုရူ ခီဟာရာက သတင်းထောက်တွေ ကို ပြောပါတယ်။
ဂျပန်ဟာ ကမ္ဘာပေါ်မှာ မွေးဖွားမှုနှုန်း အနည်းဆုံး နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်ပြီး သက်ကြီးရွယ်အို အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အို အရေအတွက် ပိုများလာမှုရဲ့ ရိုက်ခတ်မှုတွေလည်း ရှိနေပြီး အစိုးရက မွေးဖွားနှုန်း မြင့်တက်လာစေမယ့် အစီအစဉ်တွေ ဆောင်ရွက်နေတဲ့ ကြားက အခုလို လူဦးရေ စံချိန်တင် လျော့ကျမှုနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ လူဦးရေ လျော့ကျမှုအတွက် ဖြေရှင်းချက် တစ်ရပ်အနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခေါ်ယူနေပေမယ့် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက နိုင်ငံခြားသား စီးဝင်မှုကို ဆန့်ကျင်တဲ့ ပိုမို တင်းကြပ်တဲ့ အစီအစဉ်တွေ ထွက်ပေါ်လာစေဖို့ တွန်းအားပေးနေပါတယ်။
တရားဝင် စာရင်းဇယားတွေအရ ဂျပန်နိုင်ငံရဲ့ မွေးဖွားမှုနှုန်းဟာ ၂၀၂၅ ခုနှစ်အတွင်း ၁၀ နှစ် ဆက်တိုက် လျော့ကျခဲ့ပြီး စုစုပေါင်း ကလေးငယ် ၇၀၅၈၀၉ ယောက်ပဲ မွေးဖွားခဲ့တာ တွေ့ရပါတယ်။
ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရ အရာရှိတွေရဲ့ မကြာသေးခင်က ထိမ်းမြားလက်ထပ်မှု များလာအောင် ကလေးမွေးနှုန်း များလာအောင် ကြိုးပမ်း ဆောင်ရွက်မှုတွေဟာလည်း အောင်မြင်မှု အကန့်အသတ်နဲ့ပဲ ရှိခဲ့ပါတယ်။
သူတို့က ချိန်းတွေ့ပေးတဲ့ အက်ပလီကေးရှင်းတွေဖွင့်ပေးတာ၊ ကလေးစောင့်ရှောက်စရိတ်တွေ ထောက်ပံ့ပေးတာ၊ မွေးဖွားခွင့်အတွက် ထောက်ပံ့ကြေး ပေးတာတွေ လုပ်ပေးခဲ့ပေမယ့် အောင်မြင်မှု အကန့်အသတ်နဲ့ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။
Source: AFP

